မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေး တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၄ မေ ၇

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေး တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးသည် ပညာရေးညီလာခံ (၂၀၂၄) ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်အစည်းအဝေးတွင် ညီလာခံဦးတည်ချက် (Main Theme) အတွက် အဆိုပြုခေါင်းစဉ်သုံးခုကိုရွေးချယ်ခဲ့ပြီး သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများနှင့် ဧပြီ ၃၀ ရက်တွင် ကျင်းပသည့် အခြေခံပညာ Grade 12နှင့် အဆင့်မြင့်ပညာ (တက္ကသိုလ်)သင်ရိုးများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ၌ “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကို ပိုမိုမြှင့်တင်ပေး ခေါင်းစဉ်ကို ရွေးချယ်အတည်ပြုပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအလိုက် ကဏ္ဍခြောက်ရပ်အတွက် စာတမ်းခေါင်းစဉ်နှင့်စာတမ်း အကျဉ်းချုပ်များကိုလည်း ရရှိပြီးဖြစ်ပါကြောင်း၊ ပေးပို့လာသည့် စာတမ်းခေါင်းစဉ်များအပေါ် ပြင်ဆင်ဖြည့်စွက်ကာ လိုအပ်သည်များကို ဆွေးနွေးပေးကြစေလိုပါကြောင်း၊ တစ်နှစ်တာ ရေတို/ ရေရှည် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ ညီလာခံတွင်တင်ပြမည့် Format သတ်မှတ်ရန်နှင့် ပြခန်းများ ပြသရေး ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးဆုံးဖြတ်ချက်များကို အတည်ပြုပြီးနောက် ကျင်းပရေးစီမံချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ လမ်းညွှန်မှုခံယူတင်ပြသွားမည်ဖြစ်ပါကြောင်း၊ စီမံချက်ခွင့်ပြုချက်ရပြီးသည့်အခါ ဦးစီးကော်မတီအစည်းအဝေး ကျင်းပရန်ရှိပါကြောင်း၊ ပညာရေးညီလာခံ (၂၀၂၄)ကို ယခင်နှစ်ကဲ့သို့ သိုက်သိုက်ဝန်းဝန်းဖြင့် ပြီးမြောက်အောင်မြင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ညီလာခံရည်ရွယ်ချက်၊ ပြခန်းအရွယ်အစား အရေအတွက်နှင့် စာတမ်းခေါင်းစဉ် ၃၆ ခုနှင့် ၂၀၂၃ ခုနှစ် ညီလာခံရှေ့လုပ်ငန်းအစီအမံများ အကောင်အထည်ဖော် ပြီးစီးမှုအခြေအနေ တင်ပြရေးကိစ္စရပ်များကို အသေးစိတ်ဆွေးနွေး ဆုံးဖြတ်ပေးနိုင်ရန် တင်ပြသည်။

 

ထို့နောက် တက်ရောက်လာသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနစသည့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဖတ်ကြားမည့် စာတမ်းခေါင်းစဉ်များ၊ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။

 

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက ညီလာခံဦးတည်ချက်နှင့် ဆွေးနွေးသင့်သည့်ခေါင်းစဉ်များနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးကြကာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ညှိနှိုင်းအစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။