အခြေခံပညာ Grade-12 နှင့် အဆင့်မြင့်ပညာ (တက္ကသိုလ်) သင်ရိုးများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော် ၂၀၂၄ ဧပြီ ၃၀

အခြေခံပညာ Grade-12 နှင့် အဆင့်မြင့်ပညာ(တက္ကသိုလ်)သင်ရိုးများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ၂၀၂၄ ခုနှစ်တွင် Grade-12 အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်၌ အဆင့်မြင့်ပညာသင်ယူရာတွင် Grade-12 အထိ သင်ယူခဲ့သော သင်ရိုးညွှန်းတမ်းများအပေါ် အခြေခံပြီး တက္ကသိုလ်သင်ရိုးညွှန်းတမ်းများကို ချိတ်ဆက်သင်ကြားပေးနိုင်ရေးအတွက် ဆွေးနွေးအကြံပြုကြစေလိုပါကြောင်း၊ Grade-12 သင်ရိုးညွှန်းတမ်းနှင့် ချိတ်ဆက်၍ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများဖြင့် ကျောင်းသား ကျောင်းသူများ တတ်မြောက်အောင် သင်ကြားပေးနိုင်ရေးအတွက် အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း၊ သဘာဝတူညီသော တက္ကသိုလ်များအနေဖြင့် သင်ရိုးညွှန်းတမ်းနှင့် ဘွဲ့သင်တန်း ကာလသတ်မှတ်မှုတွင် ညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများက ဘာသာရပ် ပါမောက္ခများ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၏ ဆွေးနွေးဆုံးဖြတ်ချက်များကို စုစည်းကာ သက်ဆိုင်ရာကော်မတီသို့ တင်ပြပေးကြစေလိုကြောင်း၊ တက္ကသိုလ်များမှ အရည်အချင်းရှိသော ပညာတတ်များ မွေးထုတ်ပေးရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြောင်း သိရသည်။