ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိလာသည့် နဝမတန်း လူရည်ချွန်မောင်မယ်များကို ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကြိုဆိုနှုတ်ဆက်

 

နေပြည်တော် ၂၀၂၄ ဧပြီ ၂၇

 

နဝမတန်းလူရည်ချွန်မောင်မယ်များသည် ယနေ့နံနက်ပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိလာကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးစီး၍ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ တိုင်းရင်းသားဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူနှင့် တာဝန်ရှိသူများက ပန်းကုံးများ၊ သပြေခက်များဖြင့် လည်းကောင်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက်မှလည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

 

ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများကို စံနမူနာထားကာ ကျောင်းသား လူငယ်များကို ပြုစုပျိုးထောင်ပေးရန်ရည်ရွယ်ချက်ဖြင့် လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နဝမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၁၄၀၊ ဒသမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၁၄၀၊ ဧကာဒသမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၁၃၇ ဦး၊ ဒွါဒသမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူ ၁၃၇ ဦး စုစုပေါင်း လူရည်ချွန် ကျောင်းသား ကျောင်းသူ ၅၅၄ ဦးကို မွေးထုတ်နိုင်ခဲ့သည်။

 

ပုဂံ၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာလူရည်ချွန်အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် အဆိုပါလူရည်ချွန်မောင်မယ်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စုရပ်စခန်းမှ သက်ဆိုင်ရာ လူရည်ချွန်အပန်းဖြေစခန်းမှူးများ၊ ကြီးကြပ်ဆရာ ဆရာမများနှင့်အတူ ပုဂံ၊ တောင်ကြီး၊ ငွေဆောင်လူရည်ချွန် စခန်းအသီးသီးသို့ လေ့လာရေးခရီးစဉ်များ စတင်ထွက်ခွာခဲ့ကြသည်။ ပုဂံလူရည်ချွန်အပန်းဖြေစခန်းမှူးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း ဦးဆောင်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နဝမတန်း (Grade-9) လူရည်ချွန်ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်ဆရာ ဆရာမများသည် နံနက် ၁၁ နာရီတွင် ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။