နေပြည်တော် ၂၀၂၄ ဧပြီ ၂၄
ပုဂံ၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာလူရည်ချွန်အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နဝမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၄၀၊ ဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၄၀၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၇ ဦး၊ ဒွါဒသမတန်းလူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၇ ဦး စုစုပေါင်း လူရည်ချွန် ကျောင်းသား ကျောင်းသူ ၅၅၄ ဦးနှင့် ကြီးကြပ်ဆရာ ဆရာမ ၆၄ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စုရပ် ဗဟိုစခန်း (ရွာတော်)သို့ ရောက်ရှိလာကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီပညာရေးမှူး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများ၊ စခန်းတာဝန်ခံများနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် အိုးစည်ဒိုးပတ် အကအဖွဲ့များက စံပယ်ပန်းကုံးများစွပ်၍ ရင်းရင်းနှီးနှီးလှိုက်လှိုက် လှဲလှဲကြိုဆိုခဲ့ကြသည်။
ထိုသို့ကြိုဆိုနှုတ်ဆက်ရာတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူရည်ချွန်မောင်မယ်များကို လှိုက်လှဲစွာကြိုဆိုဂုဏ်ပြုပါကြောင်း၊ နိုင်ငံတော်က အားကိုးအားထားပြုရမည့် လူရည်ချွန် လူရည်မွန်များဖြစ်အောင် အမြဲတမ်းဆက်လက်ကြိုးစားနေကြစေလိုပါကြောင်း၊ အမျိုးသားယဉ်ကျေးမှု ထုံးတမ်းဓလေ့များကို နှစ်သက်မြတ်နိုးထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ခိုင်မာနေကြရန်လိုပါကြောင်း၊ အပန်းဖြေစခန်းအသီးသီးသို့ သွားရောက်ကြမည့် လူရည်ချွန်ကျောင်းသား ကျောင်းသူများအနေဖြင့် ကျန်းမာရေးကိုအထူးဂရုစိုက်ကြရန်နှင့် စည်းကမ်းများ၊ ဥပဒေများကို လေးစားလိုက်နာကြစေလိုပါကြောင်း၊ လူရည်ချွန်ထပ်ကွမ်းလူငယ်များဖြစ်အောင် ဆက်လက်ကြိုးစားကြစေလိုပါကြောင်း မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရောက်ရှိလာသည့် လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ ဆရာမများသည် နေပြည်တော်စုရပ်ဗဟိုစခန်း (ရွာတော်)၌ တည်းခိုကြပြီး ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
