လုံခြုံရေးအခြေအနေအရ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် မရခဲ့သည့် ကျောင်းသား ကျောင်းသူများ ပြန်လည်ဖြေဆိုနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သတ်မှတ်ထားသည့်စာဖြေဌာနများတွင် ကျင်းပဆောင်ရွက်သွားမည်

 

နေပြည်တော် ၂၀၂၄ မတ် ၂၈

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့်တက်ရောက်ကြသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြီးမြောက်ခဲ့ပြီဖြစ်၍ လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဇွန်လဆန်းတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ အဆင်သင့်ဖြစ်စေရေးအတွက် ယခုကတည်းက တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ် သာယာမှုရှိရေးတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ယူစီမံခန့်ခွဲ ဆောင်ရွက်နေရသည့် ပညာရေးကဏ္ဍများအလိုက် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း။

 

ရုံးလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ၊ အမိန့်အော်ဒါများကို လူမှုကွန်ရက်များတွင် ဖော်ပြခြင်းမပြုရန်နှင့် သတင်းအချက်အလက်လုံခြုံရေး ဂရုစိုက်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ လုံခြုံရေးအခြေအနေအရ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့သည့် ကျောင်းသား ကျောင်းသူများ ပြန်လည်ဖြေဆိုနိုင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သတ်မှတ်ထားသည့် စာဖြေဌာနများတွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့နှစ်သက်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရှိစာဖြေဌာနများတွင် ဝင်ရောက်ဖြေဆိုနိုင်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှု အခွင့်အလမ်းရရှိအောင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အားလုံးက ညီညွတ်စွာ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက စာမေးပွဲနှင့် ပတ်သက်သည့် လုပ်ငန်းများ၊ အခြေခံပညာကဏ္ဍရှိ တည်ဆောက်ရေးလုပ်ငန်းများ၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး အသေးစိတ် ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။