နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၂၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အောင်သပြေ)၊ အခြေခံပညာအထက်တန်းကျောင်း (တောင်လေးလုံး)နှင့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း (အင်းခေါင်း)များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် မိမိတို့၏ သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ အရည်အသွေးတိုးတက်အောင် အမြဲမပြတ်ကြိုးစား၍ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိ စေရေး ဆောင်ရွက်ပေးကြရန်၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စိမ်းလန်းစိုပြည် သန့်ရှင်းသာယာရေး ကိုလည်း အမြဲမပြတ် အလေးထားဆောင်ရွက်ကြရန်၊ မိမိတို့ကျောင်းများရှိ ဆောက်လုပ်ဆဲ တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်အရည်အသွေး အပြည့်အဝဖြင့် သတ်မှတ်အချိန်ကာလအတွင်းပြီးစီးရန်နှင့် အန္တရာယ်ကင်း၍ ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြရန် မှာကြားပြီး ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
