ပညာရေးဝန်ကြီးဌာန ဒုတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲ ကျင်းပ

 

နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ  ၂၃

 

မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ ထိန်းသိမ်းစောင့်ရှောက်တတ်စေရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရေးနှင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီ တတ်စေ‌ရေး ဟူသော ရည်ရွယ်ချက်များဖြင့် ပညာရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ်မြောက် ဦးစီးဌာနအလိုက် ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ဦးစွာ ထမနဲထိုးပြိုင်ပွဲကို မန်လည်ဆရာတော်ဘုရားကြီး၏ ထမနဲထိုးကဗျာဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အမှာစကားပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကို စတင်ကျင်းပရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီးဌာနရှစ်ခုမှ ပြိုင်ပွဲဝင်အသင်း ကိုးသင်းတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း တပျော်တပါး ထမနဲထိုး ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းများအား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။