နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၂၁
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဝင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူတို့နှင့်အတူ ပုသိမ်ပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ စုပေါင်းကာယလေ့ကျင့်ခန်းနှင့် အားကစားလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကာ ဘော်လီဘောနှင့် ပြေးခုန်ပစ် အားကစားပစ္စည်းများကို မကြာမီ ဖြည့်ဆည်းပေးမည်ဖြစ်သဖြင့် ကျောင်းသား ကျောင်းသူတိုင်း တတ်မြောက်ရုံသာမက ထူးချွန်အောင် လေ့ကျင့်ကြရန်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား ကျောင်းသူများ နံနက်စာသုံးဆောင် နေမှုကို ကြည့်ရှုအားပေးကာ နိုင်ငံတော်က ကျောင်းသား ကျောင်းသူများ၏ စားရေးသောက်ရေးကို ပံ့ပိုးပေးလျက်ရှိရာ ကျောင်းသား ကျောင်သူများအနေဖြင့် လုပ်ငန်းတာဝန်များကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်၍ တိုင်းပြည်အတွက် အားသွန်ခွန်စိုက် ပြန်လည်ဆောင်ရွက်ပေးကြစေလိုကြောင်း မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတတက္ကသိုလ်သို့ ရောက်ရှိပြီး ပင်မဆောင် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အထောက်အကူပြုမည့် သုတေသနများ ဆောင်ရွက်ရေး၊ ပရောဂျက်အခြေပြု သင်ကြားရေးစနစ် အောင်မြင်ရေးတို့ကို ဆွေးနွေးမှာကြားပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ တက္ကသိုလ်ပရိဝုဏ်သာယာရေးနှင့် တက္ကသိုလ်က စိုက်ပျိုးထားသည့် မတ်ပဲ စိုက်ခင်းများကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် နတ်မော်ရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ဟင်္သာတမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းနှင့် ဇလွန်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
