ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားရမည်

 

နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၁၆

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိကပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာနရှိ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာကဏ္ဍများမှ ပါမောက္ခချုပ်များ၊ ပညာရေးမှူးများသည် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် International School များတွင် ပုဂ္ဂလိကပညာရေးဥပဒေနှင့်အညီ မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေ သင်ကြားကြရမည်ဖြစ်ပြီး နေ့စဉ် နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းများ ပြုလုပ်ကြရမည်ဖြစ်ကြောင်း၊ ခရိုင်ပညာရေးမှူးများအနေဖြင့် မိမိတို့ခရိုင်အတွင်းရှိ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူစာရင်းများ၊ သင်ကြားသင်ယူနေမှုအခြေအနေနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ထဲထဲဝင်ဝင် ကြီးကြပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသရှိ မိမိတို့တက္ကသိုလ်ရှိ ဆရာ ဆရာမများ ပညာရေးအရည်အသွေးမြှင့်တင်ပေးရန် သင်တန်းများ ဖွင့်လှစ်ပို့ချ‌ပေးရန်လိုအပ်ကြောင်း၊ ဆရာ ဆရာမများ အရည်အသွေးမြင့်နေမှသာ အရည်အသွေးရှိသော မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး‌ ဒေါက်တာဇော်မြင့်က ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်‌ရေးဆိုင်ရာများ၊ ပုဂ္ဂလိကကျောင်းမှတ်ပုံတင်ရေးနှင့် ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ် သင်တန်းဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် နွေရာသီတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၌ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က ကဏ္ဍအလိုက်ပူး‌ပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာသူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။