တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်းတို့ကို အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက်ရေးဦးစီးကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၃၀

တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်း (Registration) နှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်း (Online/ Mobile Payment) တို့ အွန်လိုင်းမှ ချိတ်ဆက် ဆောင်ရွက်ရေးဦးစီးကော်မတီ အစည်းအဝေးကို နေပြည်တော်ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ နေ့သင်တန်း ကျောင်းအပ်ကာလကို ဖေဖော်ဝါရီ ၁၅ ရက် အထိလည်းကောင်း၊ အဝေးသင် သင်တန်းကျောင်းအပ် ကာလကို ဖေဖော်ဝါရီ ၂၉ ရက်အထိလည်းကောင်း လက်ခံဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ကျောင်းဝင် မှတ်ပုံတင်ခြင်း (Registration) နှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်းတို့ အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက်ရေး Application/ Software Porgram ရေးသားပြီးစီးမှုအခြေအနေကို တင်ပြ၍ ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း၊ Data အချက်အလက်များ လုံခြုံရေးကို အလေးထားစေလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနရှိ သင်ကြား၊ စီမံဝန်ထမ်းများ၏ Data အချက်အလက်များကို ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်တွင် ထည့်သွင်းထားရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ကျောင်းအပ်ခြင်းအတွက် အွန်လိုင်းမှ ကျောင်းသား မှတ်ပုံတင်ခြင်း - Online Student Registration စနစ် တည်ဆောက်ပြီးပါက ကျောင်းသား ကျောင်းသူဆိုင်ရာ အချက်အလက်များကို လွယ်ကူလျင်မြန်စွာ ထည့်သွင်းကာ အွန်လိုင်းမှ ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းနိုင်သဖြင့် ကျောင်းသား ကျောင်းသူများအတွက် အချိန်ကုန် လူပန်း သက်သာစေမည်ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ်၏ အန္တိမရည်မှန်းချက်မှာ တက္ကသိုလ်များတွင် School Management System တည်ဆောက်အသုံးပြုပြီး ကျောင်းသားပညာအရည်အသွေး တိုးတက်မှု မှတ်တမ်းမှစ၍ ဘွဲ့ရပြီးနောက် အလုပ်အကိုင်ရရှိမှု အခြေအနေအထိ မှတ်တမ်းထားသည့် စနစ်ကို အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ရရှိလာသည့် အချက်အလက်များအပေါ်မူတည်၍ ပံ့ပိုးဆောင်ရွက်ရမည့် ကဏ္ဍများကို လေ့လာဆန်းစစ်ခြင်းဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ရှင်းလင်းပြောကြားပြီး ဦးစီးကော်မတီဝင်များနှင့် လုပ်ငန်းအဖွဲ့ဝင်များက ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။