ရန်ကုန် ၂၀၂၄ ဖေဖော်ဝါရီ ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပညာရေး၀န်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ်သို့ ရောက်ရှိကာ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘာသာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များကို အမှန်တကယ်နားလည်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ မိမိတို့တက္ကသိုလ်ရှိ စာကြည့်တိုက်ကို အကျိုးရှိရှိအသုံးချပြီး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများရှိလာအောင်၊ ထူးချွန်သူများဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ဓာတ်ခွဲခန်းနှင့် လက်တွေ့စမ်းသပ်ခန်းများတွင် သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများ၊ စက်ပစ္စည်းများစနစ်တကျ သုံးစွဲနေမှုများနှင့် ကျောင်း၀င်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စု၀န်ကြီးသည် ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သုတေသနသည် တက္ကသိုလ်၏အသက်သွေးကြောဖြစ်သည့်အတွက် သုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် တက္ကသိုလ်တိုင်းတွင် အင်တာနက်ရရှိစေရန်နှင့် စာအုပ်များမှရှာဖွေအသုံးပြုနိုင်ရန် စာအုပ်များ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ သုတေသနလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ဌာနများနှင့် တက္ကသိုလ်စာကြည့်တိုက်များအတွက် စာအုပ်စာတမ်းများကိုလည်း နှစ်စဉ်တိုးချဲ့ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ မိမိတို့ကျောင်းအလိုက် စာကြည့်တိုက်များရှိ စာအုပ်စာတမ်းများ၊ သုတေသနအသုံးပြု စက်ပစ္စည်းများကို သုတေသနဆောင်ရွက်နေသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အလွယ်တကူအသုံးပြုနိုင်ရေး ဆောင်ရွက်စေလိုကြောင်း၊ သိပ္ပံဘာသာရပ်များအတွက် စက်ပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးမည်ဖြစ်ရာ မိမိတို့တက္ကသိုလ်၏ လိုအပ်ချက်နှင့် ကိုက်ညီသည့်ပစ္စည်းများကို စနစ်တကျစာရင်းပြုစုပြီး တင်ပြကြစေလိုကြောင်း၊ လူမှုနယ်ပယ်တွင် အသုံးချနိုင်သည့် ဝိဇ္ဇာအသုံးချပညာရပ်နှင့် သိပ္ပံအသုံးချပညာရပ်များကို တက္ကသိုလ်များအားလုံးတွင် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် တက်ရောက်လာသော ဆရာ ဆရာမများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ညနေပိုင်းတွင် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် အဓိပတိဆောင်တွင် ၂၆၄ ဦးဆံ့ လေးထပ်ကျောင်းသူဆောင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
