နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် အောင်မြေသာစံမြို့နယ် အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်း (နန်းတွင်း)၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၈)အခြေခံပညာ အထက်တန်း ကျောင်းနှင့် မန္တလေးပညာရေးဒီဂရီကောလိပ်ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်းများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် ဘဝတိုးတက် အောင်မြင်ရေးအတွက် ပညာကိုကြိုးစားသင်ယူရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများ ဆုံးမသင်ကြားသည့်အတိုင်း ကြိုးစားလိုက်နာ ကြစေလိုကြောင်း ပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတက္ကသိုလ်သို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးကာ ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ အမှန်တကယ် တတ်မြောက်အောင် စေတနာထား၍ သင်ကြားပေးရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစား တန်ဖိုးထားဆက်ဆံကာ မိမိတို့တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ရေး၊ တက္ကသိုလ်၏ သင်ကြားရေး၊ စီမံရေးဆိုင်ရာများ အရည်အသွေး တိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ရေး၊ ကျောင်းသန့်ရှင်းသာယာရေး၊ စာမေးပွဲဆိုင်ရာလုပ်ငန်းများကို စာမေးပွဲလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ ဇန်နဝါရီလတွင် နေပြည်တော်၌ကျင်းပမည့် သုတေသနစာတမ်းဖတ်ပွဲတွင် တန်ဖိုးရှိသည့် သုတေသနစာတမ်းများ ပါဝင်ဖတ်ကြားရေးတို့ကို ဆွေးနွေးပြောကြားကာ တက္ကသိုလ်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့သည်။
