နေပြည်တော် ၂၀၂၃ နိုဝင်ဘာ ၁၀
တက္ကသိုလ်/ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ဒုတိယ ပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တက္ကသိုလ်/ ကောလိပ်များမှ သင်ကြားရေး ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်းပိုမိုကောင်းမွန်စေရေး၊ အဆင့်မြင့်ပညာရေးနှင့် စပ်လျဉ်းသော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာပြီး စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရေး၊ ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေရေးနှင့် အခြေခံကာကွယ်ရေးပညာကို နားလည်သဘောပေါက်စေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း။
ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ တက္ကသိုလ်များ၏ ရည်မှန်းချက်များ ပေါက်မြောက်အောင် သင်ကြားပေးကြရမည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ အရည်အသွေးအာမခံနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်လာအောင် ပျိုးထောင်ကြရန်နှင့် ကျောင်းသားလူငယ်များကို ဘက်စုံစဉ်းစား တွေးခေါ်တတ်စေပြီး တီထွင်ဖန်တီးနိုင်မှု၊ ပညာအရည်အချင်း၊ ဗဟုသုတတို့ပြည့်ဝစေရေး၊ စာတွေ့၊ လက်တွေ့အပြင် မြေပြင်အတွေ့အကြုံများကိုပါ ပေါင်းစပ်သင်ကြားပေးကြရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်ကို ဦးထိပ်ပန်ဆင်ပြီး ပါတီနိုင်ငံရေးကင်းရှင်းအောင် ပြုမူနေထိုင် သွားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာပြီး နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိကြသူများကို ဆုများပေးအပ် ချီးမြှင့်ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၉၁ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်ခဲ့ကြောင်းသိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိပြီး ပါမောက္ခ၊ ဌာနမှူးများနှင့်တွေ့ဆုံကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး B.Ed(စာပေးစာယူ) သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးသည်။
ထိုနောက် ပညာရေးဒီဂရီကောလိပ်လေ့ကျင့်ရေး အလယ်တန်းကျောင်းသို့ ရောက်ရှိပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းသား ကျောင်းသူများ သင်ယူလေ့လာနေမှုကို လှည့်လည် ကြည့်ရှုကာ ကျောင်းစာကြည့်တိုက် အဆင့်မြှင့်တင်ရန်မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့်တွေ့ဆုံကာ သင်ကြားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
