ရှမ်းပြည်နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနှင့် စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပ

 

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၁၈

 

၂၀၂၃ ခုနှစ် ရှမ်းပြည်နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနှင့် စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် တောင်ကြီးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ မိတ်ဖက်လူမှုရေး အဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာ၊ အခြေခံပညာနှင့် ဆရာအတတ်ပညာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက စာမတတ်သူများကို (ဝ ထ က လ သ) မှ အစပြု၍ စာတတ်မြောက်အောင် သင်ကြားပေးသွားရန်နှင့် ၎င်းမှတစ်ဆင့် စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်မှ  စဉ်ဆက်ပညာရေးလုပ်ငန်း သင်ကြားပေးသွားနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း၊  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်မှစတင်၍ ရပ်ရွာနေပြည်သူများအတွက် စာတတ်မြောက်ရေးလုပ်ငန်း သင်ကြားခြင်းကို တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်များတွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါ မြို့နယ်သုံးခုတွင် ဒီဇင်ဘာလမှစ၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းမြို့နယ်သုံးခုတွင် စဉ်ဆက်ပညာရေးလုပ်ငန်းများ အစီအစဉ်တကျ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

 

အသက်အုပ်စုအားဖြင့် အသက် ၁၅ နှစ်နှင့်အထက် လူငယ်များ၊ အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးပိုင်းအရွယ်ရှိသူများကို ဦးတည်သင်ကြားပေးခဲ့သည့် စာတတ်မြောက်ရေးလုပ်ငန်းသည် သတ်မှတ်သင်ကြားရေးကာလ ပြီးဆုံးသွားပြီဖြစ်၍ အဆိုပါ မြို့နယ်သုံးခုတွင် စဉ်ဆက်ပညာရေး အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းကော်မတီများ အဆင့်ဆင့်ဖွဲ့စည်း၍  စနစ်တကျဆောင်ရွက် ကြစေလိုကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်သုံးခုတွင် စဉ်ဆက် ပညာရေး ဆောင်ရွက်မည့် ကာလနှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်း မြို့နယ်လေးခုတို့တွင်လည်း  အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ရှမ်းပြည်နယ် လူမှု‌ရေးရာဝန်ကြီးနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က  ရှမ်းပြည်နယ်၏ စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များ၊ စဉ်ဆက်ပညာရေးလုပ်ငန်း၊ စာတတ်မြောက်ရေး လုပ်ငန်းရပ်များကို ရှင်းလင်းတင်ပြကြပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းက တောင်ကြီးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒုတိယပညာသင်ကာလ စာမေးပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမပညာသင်ကာလ စာမေးပွဲကျင်းပ၍ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အေးချမ်းစွာစာမေးပွဲ ဖြေဆိုနေမှုကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် အခြေခံစာတတ်မြောက်ရေး ဆောင်ရွက်ပြီးခဲ့သော ကလောမြို့နယ် အင်းပြင်အခြေခံပညာ အလယ်တန်းကျောင်းရှိ  မြင်းကရွာ စာသင်ဝိုင်း၌ ဆရာ ဆရာမများက စာဖတ်စွမ်းရည် ပိုမိုတိုးတက်လာစေရေးအတွက် ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။