ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဟိုပုံးမြို့နယ်ရှိ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၁၇

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ဘန့်ပိန်း(ချင်းကုန်း) ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းရှိ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း၏ နောက်ဆက်တွဲ စာသင်ဝိုင်းများတွင် အခြေခံပညာဆရာ ဆရာမများက ဒေသခံများ အား အခြေခံပညာရပ်များ သင်ကြားပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

 

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက အခြေခံစာတတ်မြောက်ရေးမှတစ်ဆင့် စာဖတ်ရှိန်မြှင့်တင်၍ စဉ်ဆက်ပညာရေးကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရာတွင် ဒေသတွင်းရှိ ဆရာ ဆရာမများ၊ စေတနာရှင်လုပ်အားပေးကြသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးက ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားကာ စာသင်ဝိုင်းနှင့် ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောက်တလုံးကြီး စာဖတ်ဝိုင်းနှင့် ဆောက်လုပ်ဆဲ စာသင်ဆောင် အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီးရုံးခန်း၌ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာများ၊ တည်ဆောက်ရေး၊ ပြင်ဆင်ထိန်းသိမ်းရေး ဆိုင်ရာလုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် တောင်ကြီးပညာရေး ဒီဂရီကောလိပ်ရှိ ဆောက်လုပ်ဆဲ သင်တန်းသား ၃၂၀ ဆံ့ RCC လေးထပ်အိပ်ဆောင်၊ စားဖိုဆောင်၊ ထမင်းစားခန်းနှင့် တောင်ကြီးတက္ကသိုလ်ရှိ တက္ကသိုလ် သုတေသနစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ပေါင်းစပ်ဖြည့်ဆည်း  ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာ  အထက်တန်းကျောင်းရှိ ဒေါ်ခင်သိန်းခန်းမ၌ ရှမ်းပြည်နယ် ပြည်နယ်ပညာရေးမှူး၊ ရုံးခွဲပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံပြီး ဆရာ ဆရာမများအနေဖြင့် မိမိတို့ပြည်နယ်အတွင်း စာမတတ်သူများ လျော့နည်းလာပြီး ပညာတတ်များ ပေါများလာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံမိဘပြည်သူများ၊ ဆရာ ဆရာမများနှင့် စေတနာရှင် ပြည်သူများ၏ ပူးပေါင်းကူညီမှုအားကိုယူ၍ ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားကာ ဆရာ ဆရာမများ၏ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေး ဖြေကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ အမှတ်(၃) ၊ အမှတ်(၄) နှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။