တရုတ်နိုင်ငံနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အလားအလာကောင်းများ ပိုင်ဆိုင်မည်

နေပြည်တော် ၂၀၂၃ ဩဂုတ် ၂၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့ရှိ ပြည်နယ်ခန်းမ၌ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံပညာရေး ပူးပေါင်း ဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Chen Jie က အခမ်းအနားကို ဦးစီးဆောင်ရွက်ပြီး ကွေ့ကျိုးပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. Li Bingjun က အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများက နိုင်ငံအလိုက် အမှာစကားပြောကြားကြသည်။

ယင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကမ္ဘာရွာခေတ်ကြီးတွင် အလားအလာကောင်းများ ပိုင်ဆိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် တစ်နိုင်ငံ နှင့်တစ်နိုင်ငံအကြား ပညာရှင်များဖလှယ်ရန်၊ စွမ်းရည်မြှင့်တင်ပေးရန်နှင့် ယဉ်ကျေးမှုများ အပြန်အလှန် နားလည်စေရန်ရည်ရွယ်ပြီး ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံသားများ အခွင့်အလမ်းကောင်းရရှိစေရန် လမ်းဖွင့်ပေးခြင်းတို့ကို နှစ်နိုင်ငံအတူတကွလက်တွဲ ဆောင်ရွက်ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဘာသာစကားအပြန်အလှန် သင်ယူရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များကို အားပေးမြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်ပေးခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး လူမှုဆက်ဆံရေးနှင့် စီးပွားရေးဆက်သွယ် ဆောင်ရွက်မှုတို့ကို ပိုကောင်းမွန်စေမည်ဖြစ်ပါကြောင်း။

နှစ်နိုင်ငံအကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများသည် အတိုင်းအတာမရှိ ကျယ်ပြန့်လှပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရိုင် ၅၀ တွင် မကြာသေးခင်က ဖွင့်လှစ်ခဲ့သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်းတို့အတွက် နည်းပညာအထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း၊ ကျန်ရှိသော ၇၅ ခရိုင်တွင်လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတွဲဖက် အထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်ရှိပါကြောင်း၊ ဆရာ ဆရာမများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများသို့ လေ့လာရေး ခရီးစဉ် စေလွှတ်နိုင်ရန်လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် အထူးစိတ်ဝင်စားပါကြောင်း၊ ယင်းအပြင် မြန်မာတက္ကသိုလ်များပါဝင်သည့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများတွင်လည်း တက်ကြွစွာပါဝင် ဆောင်ရွက်လိုပါကြောင်း၊ အဆိုပါဆောင်ရွက်မှုများတွင် အကျိုးတူသုတေသန ဆောင်ရွက်မှု အစီအစဉ်များ၊ ဆရာ ဆရာမဖလှယ်ရေး အစီအစဉ်များ၊ ကျောင်းသားများ ကျောင်းပြောင်းရွှေ့ သင်ယူနိုင်မည့်အစီအစဉ်များ၊ နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ညီလာခံများ ကျင်းပခြင်းတို့ ပါဝင်ပါကြောင်း။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများက မြန်မာကျောင်းသား ကျောင်းသူများနှင့် မြန်မာ့ပညာရေးကို အကျိုးပြုရုံသာမက မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်လုံးအပေါ် ကျယ်ကျယ်ပြန့်ပြန့် အကျိုးဖြစ်ထွန်းစေပါကြောင်း၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံတို့သည် ရပ်ဝန်းနှင့်ပိုးလမ်းမအတွက် ဘုံကြွယ်ဝချမ်းသာမှုနှင့်အတူ ပိုမိုခိုင်မာသော ချစ်ကြည်လေးစားမှုကို ဖန်တီးနိုင်ပြီး လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတစ်ဝန်းလုံး၏ တိုးတက်မှုများကို တိုးမြှင့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Huai Jinpeng က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပညာရေးဆိုင်ရာ အချက်အလက်များနှင့် တရုတ်-အာဆီယံ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ကောက်နုတ်ပြောကြားသည်။

ယင်းနောက် China - ASEAN Digital Education Alliance စတင်မိတ်ဆက်ခြင်း အခမ်းအနားနှင့် the Alliance for Economics and Management Education (AEME) ဖွင့်လှစ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် 2023 China-ASEAN Language and Culture Forum ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ၂၀၂၃ ခုနှစ် တရုတ် - အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားတွင် ခင်းကျင်းပြသထားသော ပြခန်းများနှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။