အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ၂၀၂၃ ဩဂုတ်၁၈

ပညာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ -CPU မှအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် - PFP အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လိုက်နာရန်လိုအပ်ပြီး အများပြည်သူထံမှတုံပြန်မှု ရယူခြင်းအစီအစဉ်တွင် ဝန်ဆောင်မှုရယူသည့် ပြည်သူများ၏ တုံ့ပြန်မှုများအပေါ် အလေးထားဆောင်ရွက်ခြင်း၊   မိမိဌာန၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်အကဲဖြတ် သုံးသပ်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပို့ချသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားကြကြောင်း သိရသည်။