နေပြည်တော် ၂၀၂၃ ဇူလိုင် ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် စစ်တွေတက္ကသိုလ်သို့ရောက်ရှိပြီး မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စာသင်ဆောင်၊ ဆရာဆောင်နှင့် ကျောင်းသားဆောင်များ ပြန်လည်ပြုပြင် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဒေသ၊ မိမိတက္ကသိုလ်၊ မိမိပြည်နယ်နှင့် မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအခြေခံသည် ပညာရေးပင်ဖြစ်ကြောင်း၊ ပညာကိုအမှန်တကယ် တတ်မြောက်မှသာ မိမိတို့ရည်မှန်းချက်များကို အောင်မြင်စေမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှု အဆင်ပြေချောမွေ့စေရေးနှင့် ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေးတို့ကို ဆရာ ဆရာမများအားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း မှာကြားပြီး စာသင်ခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)နှင့် နည်းပညာတက္ကသိုလ်(စစ်တွေ)တို့သို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ကျောင်းဆောင်၊ စာသင်ဆောင်များ ပြန်လည် တည်ဆောက်ပြီးစီးမှုနှင့် တက္ကသိုလ်များ၌ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာ သင်ကြားနေမှုများကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၉)အခြေခံပညာ အလယ်တန်းကျောင်း ယာယီစာသင်ဆောင် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
