နေပြည်တော် ၂၀၂၃ ဇူလိုင် ၄
တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ယနေ့ကျင်းပသည့် ဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနှင့် နည်းပြများ၊ အားကစားသမားများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပညာရေးဝန်ကြီးဌာန(က)အသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန (က)အသင်းက ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားပြီး တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားသည်။
ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒေါက်တာကျော်ထွန်းက အကောင်းဆုံးဂိုးသမားဆုရရှိသည့် ပညာရေးဝန်ကြီးဌာန(က) အသင်းမှ ဂိုးသမား စောကျော်ခန့်နိုကိုလည်းကောင်း၊ ကောင်စီဝင် ဒေါက်တာအောင်ကျော်မင်းက အကောင်းဆုံးနောက်တန်း ကစားသမားဆုရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအသင်းမှ ခွန်ဝင်းကျော်ကိုလည်းကောင်း၊ ကောင်စီဝင် ဒေါက်တာမှုထန်က အကောင်းဆုံး အလယ်တန်း ကစားသမားဆုရရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနအသင်းမှ ထက်မြတ်မင်းကိုလည်းကောင်း၊ ကောင်စီဝင် ဦးမောင်ကိုက အကောင်းဆုံးရှေ့တန်း ကစားသမားဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းမှ ကိုကိုလင်းကိုလည်းကောင်း၊ ကောင်စီဝင် မန်းငြိမ်းမောင်က ဂိုးသွင်းအများဆုံး ကစားသမားဆုရရှိသည့် ပညာရေးဝန်ကြီးဌာန(က) အသင်းမှ ဇော်ဇော်ထိုက်ကိုလည်းကောင်း၊ ကောင်စီဝင် ပိုးရယ်အောင်သိန်းက ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရရှိသည့် ပညာရေးဝန်ကြီးဌာန (က)အသင်းမှ သန်းမြတ်စိုးကိုလည်းကောင်း တစ်ဦးချင်း အကောင်းဆုံးဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တတိယဆုရရှိသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းကိုလည်းကောင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဒုတိယဆုရရှိ သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းကိုလည်းကောင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပထမဆုရရှိသည့် ပညာရေးဝန်ကြီးဌာန (က)အသင်းကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပထမဆုရရှိသည့် ပညာရေးဝန်ကြီးဌာန (က)အသင်းကို တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ် သိန်း ၁၀၀ ကို ပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲအသင်း ၁၁ သင်းတို့ ဖြင့် အုပ်စုသုံးအုပ်စုခွဲကာ ဇွန် ၂၂ ရက်မှ ယနေ့အထိကျင်းပခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
