နေပြည်တော် ၂၀၂၃ ဇူလိုင် ၂
တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသည့် ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဥ်များကို ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများ ဆက်လက်ယှဥ်ပြိုင်ကစားကြသည်။
နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန(က)အသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန(က)အသင်းက လေးဂိုး - သုံးဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။
ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ် ၉၀ အထိ တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျနေသဖြင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ငါးဂိုး - လေးဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။
ယနေ့ကျင်းပသည့် အကြိုဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ တတိယနေရာလုပွဲစဉ်များအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ညနေပိုင်းတွင် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ပညာရေးဝန်ကြီးဌာန(က)အသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။
