နေပြည်တော် ၂၀၂၃ ဇွန် ၂
ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ပညာရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းများ စတင် ဖွင့်လှစ်ပြီ ဖြစ်၍ ဆရာကြီး ဆရာမကြီးများအနေဖြင့် ပညာရေးဆိုင်ရာလုပ်ငန်းတာဝန်များ များပြားနေ ကြမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာတာဝန်များကို ကျေပွန်အောင် ပူးပေါင်းဆောင်ရွက်ပေးကြသည်များကို ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျောင်းများ ဖွင့်လှစ်ပြီဖြစ်ရာ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ ဆရာအတတ်ပညာကဏ္ဍရှိ ကျောင်း အားလုံး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးကို အဓိကထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင်ယူချင်စရာ သန့်ရှင်းသပ်ရပ်သာယာသော ရပ်ဝန်းဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းများ၏ ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးပြီး ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးကို ဦးစားပေး ဆောင်ရွက်ထားကြရ မည်ဖြစ်ကြောင်း၊ လိုအပ်ချက်များရှိပါက ဖြည့်ဆည်းပေးနိုင်ရေး သက်ဆိုင်ရာ ဦးစီးဌာနအလိုက် တင်ပြဆောင်ရွက်ကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း အခက်အခဲနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံမှု နောက်ကျသူများရှိနိုင်ပါကြောင်း၊ ထိုသို့ ကျောင်းအပ်နှံမှုနောက်ကျသူများ ကျောင်းလာရောက်အပ်နှံပါက ယခုဇွန်လကုန် ရက်အထိ ကျောင်းအပ်လက်ခံပေးသွားကြရမည်ဖြစ်ကြောင်း၊ မကြာခင် URC သုတေသနဂျာနယ်များကို ပြန်လည်ထုတ်ဝေသွားမည်ဖြစ်၍ အရည်အသွေးရှိသော သုတေသနစာတမ်းများကို ဖော်ပြသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များရှိ စက်ပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ထိရောက်အကျိုးရှိစွာ အသုံးပြုကြရန်နှင့် အသုံးပြုရာတွင် မှတ်တမ်းထားရှိ၍ အသုံးပြုစေလိုပါကြောင်း၊ ပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် အကြီးနှင့်အငယ်၊ အထက်နှင့်အောက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထား၍ နွေးနွေးထွေးထွေး ဆက်ဆံ ကြစေလိုပါကြောင်း၊ ခွဲခြားဆက်ဆံခြင်း အုပ်စုဖွဲ့ခြင်းမပြုဘဲ မျှမျှတတဆက်ဆံ၍ ဂါရဝ နိဝါတ တရားများ ကျင့်သုံးဆောင်ရွက်ကြစေလိုပါကြောင်း၊ ပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍများမှ ဆရာ ဆရာမများအားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ၍ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက ကျောင်းသားစာရင်းများ အချိန်နှင့်တပြေးညီ ပေးပို့နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
