ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ အခြေခံပညာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၃ ဇွန် ၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး ဦးအောင်ဆွေဦးနှင့် အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းများသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာတက်ရောက် ပညာသင်ကြား နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စနစ်သစ် Grade-12 စာသင်ခန်းမှ ကျောင်းသား ကျောင်းသူများကို ဇီဝဗေဒဘာသာရပ် သင်ကြားသင်ယူနေမှုနှင့်ပတ်သက်၍ ကျောင်းသင်ခန်းစာပါ Metabolism မှ Catabolism နှင့် Anabolism အကြောင်းကို ရှင်းလင်းပြောကြားကာ  ကျောင်းသား ကျောင်းသူများအနေဖြင့် Grade-12 ကို ထူးထူးချွန်ချွန်အောင်မြင်ရေးအတွက် တစ်နေ့စာ တစ်နေ့ ကျေညက်အောင် ကြိုးစားလေ့လာကြစေလိုပါကြောင်း၊ ပညာရည်မြင့်မားမှသာ မိမိဘဝ၊ မိမိနိုင်ငံကို တိုးတက်မြင့်မားစေမည်ဖြစ်ပါကြောင်း၊ စာတတ်ရုံမျှမက မိမိနိုင်ငံနှင့်လူမျိုးကို တန်ဖိုးထားသည့် စိတ်၊ တိုင်းပြည်နှင့် လူမျိုးကိုချစ်မြတ်နိုးသည့်စိတ်၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်း လိုစိတ်များလည်းရှိကြရန်လိုပါကြောင်း၊ စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများအားလုံး ဉာဏ်ရည်မတူနိုင်သော်လည်း ဝီရိယထား၍ ကြိုးစားခွင့်တူညီစွာရှိနေသည့်အတွက် အားလုံးကြိုးစား ကြစေလိုပါကြောင်း အားပေးစကားပြောကြားကာ ဆရာ ဆရာမ များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။