နေပြည်တော် ၂၀၂၃ မေ ၄
ပညာရေးဝန်ကြီးဌာန အခြေခံပညာ Grade-9 နှင့် Grade-12 သင်ရိုးသစ် ဗဟိုအဆင့်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် Naypyitaw State Academy ရှိ စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီကြီးကြပ်မှုဖြင့် Grade-9နှင့် Grade-12 သင်ရိုးသစ်များကို ကိုယ်တိုင်ရေးသားပြုစုခဲ့ကြသော သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့နှင့် ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းကော်မတီမှ သင်တန်းဆရာ များ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနသည် ၂၀၁၆-၂၀၁၇ ပညာ သင်နှစ်က စတင်ကာ KG + 12 သင်ရိုးသစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုပညာသင် နှစ်သည် Grade-9 နှင့် Grade-12 အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည်ဖြစ်သဖြင့် အတန်းစဉ်အားလုံး သင်ရိုးသစ်ဖြင့်ပြည့်ဝစွာ အကောင်အထည်ဖော် ပြီးမြောက်ပြီဖြစ်ကြောင်း၊ သင်ရိုးသစ်များသည် ကျောင်းသား ကျောင်းသူများကို ၂၁ရာစု ကျွမ်းကျင်မှုများရရှိအောင် လေ့ကျင့် သင်ကြားပေးနိုင်ရန်နှင့် နိုင်ငံတကာအဆင့်မီစေရန် ရည်ရွယ်ကာ ရေးဆွဲပြုစုထားပါကြောင်း၊ Grade-9 နှင့် Grade-12 သင်ရိုးသစ်ကို ကိုယ်တိုင်ရေးသားခဲ့ကြသော တက္ကသိုလ်ပါမောက္ခများ၏ တိုက်ရိုက်သင်ကြားပြသမှု ရရှိစေရန် ရည်ရွယ်၍ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများကို ဗဟိုအဆင့် နည်းပြသင်တန်းဖွင့်လှစ် ပေးခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းပြီးပါက သက်ဆိုင်ရာတက္ကသိုလ် အလိုက် သတ်မှတ်ဧရိယာများရှိ အခြေခံပညာကျောင်းများမှ အခြေခံပညာ ဆရာ ဆရာမများကို တက္ကသိုလ်ဆရာကြီး၊ ဆရာမကြီးများက တိုက်ရိုက်ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချသင်ကြား ပေးကြရမည်ဖြစ်ကြောင်း။
ဗဟိုအဆင့်သင်တန်းမှ ဆင့်ပွားသင်တန်း၊ ထပ်ဆင့်ဆင့်ပွားသင်တန်းများမှတစ်ဆင့် အခြေခံပညာ ကျောင်းသား ကျောင်းသူများကို အရည်အသွေးပြည့်ဝသော၊ ဗလငါးတန်နှင့် ပြည့်စုံသော လူတော်လူကောင်းများ၊ နိုင်ငံ့သားကောင်းများဖြစ်လာစေရန် လေ့ကျင့်သင်ကြား ပေးကြမည့် အခြေခံပညာ ဆရာ ဆရာမများ၏ သင်ကြားမှုစွမ်းရည်များ တိုးတက် ကောင်းမွန်စေရေး ဆရာကြီး ဆရာမကြီးတို့က တစ်တပ်တစ်အား ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါ ကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဝမ်းမြောက်စကားပြောကြားပြီး ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ဆင့်ပွားသင်တန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့် ဗဟိုအဆင့်နည်းပြသင်တန်းသို့ တက္ကသိုလ်များမှ သင်တန်းသား ပါမောက္ခနှင့် တွဲဖက်ပါမောက္ခ ၁၂၇၉ ဦးနှင့် သင်တန်းသား အခြေခံပညာ ဆရာ ဆရာမ(၂၀၀) တက်ရောက်ကြပြီး Grade - 12 သင်ရိုးသစ် ဗဟိုအဆင့်နည်းပြသင်တန်းကို Naypyitaw State Academy တွင်လည်းကောင်း၊ Grade - 9 သင်ရိုးသစ် ဗဟိုအဆင့် နည်းပြသင်တန်းကို နေပြည်တော်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း မေ ၄ ရက်မှ ၁၀ ရက်အထိ ခုနှစ်ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
