တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းတွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ကျောင်းသားကျောင်းသူများနှင့် လူရည်ချွန်ကြီးများတွေ့ဆုံ၊ ပညာရေးဆိုင်ရာဟောပြောပွဲနှင့် ညစာစားပွဲကျင်းပ

တောင်ကြီး ၂၀၂၃ ဧပြီ ၂၈

 

တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းတွင် ရောက်ရှိနေသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒသမတန်း(Grade-10) လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက် ၈နာရီတွင် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းရှိ ဒေါ်ခင်သိန်းခန်းမ၌ လူရည်ချွန်အဖွဲ့(၁၉၆၄-၈၈)မှ လူရည်ချွန် ကြီးများနှင့် တွေ့ဆုံ၍ ပညာရေးဆိုင်ရာ ဟောပြောပွဲကျင်းပရာ လူရည်ချွန်ကြီးများဖြစ်ကြသည့် ဒေါ်နန်းမိုမိုသီတာက မိတ်ဆက်စကား ပြောကြားပြီး  ဦးခင်မောင်ကြည်က လူရည်ချွန်အဖွဲ့(၁၉၆၄-၈၈) အကြောင်း သိကောင်းစရာများကို ပြောကြားသည်။

ဆက်လက်၍ သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်အရ လူရည်ချွန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာအောင်သာထွန်းက “ဘဝတစ်လျှောက် ဦးနှောက်အသုံးချပုံ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်မြတ်မြတ်ထွေးက “လူရည်ချွန်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစိုးညွန့်က “သက်ကြီး စကား သက်ငယ်ကြား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နန်းမေသောင်းခင်က “တောင်ပေါ်သူကျွန်မ လူရည်ချွန်ဘဝ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးခင်မောင်ကြည်က “ကမ္ဘာ့ရေကြောင်းသ‌င်္ဘောမောင်းနှင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နန်းမိုမိုသီတာက “Entrepreneurship” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးစိုးမြင့်က “ထာဝရလူရည်ချွန်နှင့် အပန်းဖြေခြင်း” (Once LYC ever LYC) ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောပို့ချကြသည်။ ထို့နောက် ကျောင်းသားကျောင်းသူ လူရည်ချွန် မောင်/မယ်များက မေးမြန်း ကြရာ လူရည်ချွန်ကြီးများက ပြန်လည်ဖြေကြားကြပြီး လူရည်ချွန် သီချင်းများကို လက်ဆင့်ကမ်း သင်ကြားပေးသည်။

ညနေပိုင်းတွင် တောင်ကြီးလူရည်ချွန်စခန်း၌ ညစာစားပွဲကိုကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်၍ လူရည်ချွန်ကျောင်းသား ကျောင်းသူများနှင့် အတူတကွ ရင်းရင်းနှီးနှီး ညစာသုံးဆောင်ကြသည်။

အဆိုပါ ညစာစားပွဲ၌ ညောင်ရွှေမြို့နယ်မှတင်ဆက်သည့် တိုင်းရင်းသားရိုးရာ ဖျော်ဖြေရေး အစီအစဉ်တွင် ရွှေတောင်ရပ်ကွက် သမီးငယ်များက ဝံသာနုပျိုမေ သီချင်းဖြင့် လည်းကောင်း၊ အထက-ခေါင်တိုင်မှ အင်းသူလေးရဲ့ဖိတ်ခေါ်သံ ၊ ကုမုဒြာ၊ ပအို့ဝ်သီချင်းတို့ဖြင့် လည်းကောင်း၊ မူလွန်-ကန်ရွာမှ ထာဝရသစ္စာ သီချင်းဖြင့်လည်းကောင်း၊ အလက-ညောင်ဝန်းနောက်မှ ရွှေအင်းသားမီး သီချင်းဖြင့် လည်းကောင်း၊ အမက-သဲကုန်းမှ လှမ်းလာခဲ့ပါ အင်းကန်သာ သီချင်းဖြင့်လည်းကောင်း၊ အမက-လွယ်ငြိမ့်မှ ထာဝရမြန်မာ သီချင်းဖြင့်လည်းကောင်း၊ အမက-တောင်ပို့ကြီး(မ)မှ တောင်ယာဝင်ချိန် သီချင်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။