ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၃ မတ် ၆

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ အထက်တန်း စာစစ်ဌာနများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ဘုရားကြီး အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာနသို့ရောက်ရှိကာ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေ ချောမွေ့စေရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးကြ ရမည်ဖြစ်ကြောင်း၊ စာဖြေသူနှင့် စာမေးပွဲလုပ်ငန်း အနှောင့်အယှက် မဖြစ်စေရန် အထူး ဂရုစိုက် ဆောင်ရွက်ကြစေလိုကြောင်း၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်နှင့် စာဖြေခန်း အတွင်း၊ အပြင် သန့်ရှင်းရေးနှင့် လေဝင်လေထွက် ကောင်းမွန်ရေး၊ အလင်းရောင် လုံလောက်စွာ ရရှိရေး၊ ကျောင်းသားကျောင်းသူများ စာမေးပွဲကို သက်တောင့်သက်သာ ဖြေဆိုနိုင်ရေးအတွက် စာဖြေခုံများကို စနစ်တကျထားရှိ စေလိုကြောင်း၊ စာမေးပွဲစည်းမျဉ်း စည်းကမ်း များနှင့်အညီ  အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီပါဝင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း မှာကြားသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ) ဘုရင့်နောင်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် မှော်ဘီမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်၊ အုန်းနှဲအခြေခံပညာအထက်တန်းကျောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင် အခြေခံပညာအထက်တန်းကျောင်းတို့တွင် တွဲဖက်ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း စာသင်ဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင် ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဆောင်များ ဆောက်လုပ်ရာတွင် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အရည်အသွေးပြည့်မီစေရေး၊ ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးပါက သန့်ရှင်းသပ်ရပ်စေရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးတို့ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။