နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၁၇
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း B ရုံတွင်ကျင်းပသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနည်းအလိုက် အုပ်ချုပ်သူနည်းပြများနှင့် အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင် ဘောလုံး(အမျိုးသား/ အမျိုးသမီး)၊ ဘော်လီဘော (အမျိုးသား/ အမျိုးသမီး)၊ ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)နှင့် ပိုက်ကျော်ခြင်း (အမျိုးသား) အားကစားနည်း များကို ကျင်းပပေးသွားမည် ဖြစ်ပါကြောင်း၊ အားကစားဆိုသည်မှာ “အနိုင်အရှုံးတစ်ခုတည်းကို ယှဉ်ပြိုင်တာမျိုး မဟုတ်ဘဲ ဇွဲရှိမှု၊ သည်းခံမှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံး ညီညွတ်မှု၊ စည်းကမ်းဥပဒေကို ရိုသေလေးစား လိုက်နာမှု၊ ယဉ်ကျေးမှု” စသည်တို့ကိုပါ ယှဉ်ပြိုင်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံတော်၏ စည်းလုံးညီညွတ်မှု၊ ဂုဏ်သိက္ခာနှင့် မျိုးချစ်စိတ်တို့ကို ဖော်ဆောင်နိုင်ခြင်း ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် အခြေခံပညာ ကျောင်းသားအားကစား ပွဲတော်ကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစား မောင်မယ်များအနေဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ဖော်ဆောင်နိုင်သော နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ဖြစ်လာအောင် ကြိုးစားကြရန်ကိုလည်း မှာကြားလိုပါကြောင်း။
ယခင်က အာဆီယံကျောင်းသား အားကစားပွဲတော်ကို မြန်မာနိုင်ငံ အနေဖြင့်အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ယူ၍ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပမည့် (၁၂) ကြိမ်မြောက် အာဆီယံ ကျောင်းသား အားကစားပွဲတော်ကို ပညာရေးဝန်ကြီးဌာနက ပထမဆုံးအနေဖြင့် တာဝန်ယူပြီး ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ယခုကဲ့သို့ အခြေခံပညာ ကျောင်းသားအားကစားပွဲများကို မလွဲမသွေ ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် အခြေခံပညာကျောင်းသား အားကစားပွဲတော်မှ အရည်အချင်းရှိသည့် အားကစားသမားများကို နိုင်ငံ့ကိုယ်စားပြုအဖြစ် အာဆီယံကျောင်းသား အားကစားပွဲတွင် ယှဉ်ပြိုင်ရန် ရွေးချယ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က အခြေခံပညာ ကျောင်းသား အားကစားပွဲတော်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပွဲတော်အား ဖွင့်လှစ်ပေးသည်။ ယင်းနောက် ကျောင်းသားအားကစား ပွဲတော်အထိမ်းအမှတ်အလံကို အားကစားမောင်မယ် များက စုပေါင်းသယ်ယူ၍ လွှင့်တင်ကြသည်။ ထို့နောက် ကျောင်းသားအားကစားအဖွဲ့များက အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အခြေခံပညာ ကျောင်းသားအားကစား အဖွဲ့များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ဆက်လက်၍ ကျောင်းသား ကျောင်းသူများက စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးအစီအစဉ် အတွဲ(၃/၄)နှင့် Physical Fitness Dance အစီအစဉ်များကို သရုပ်ပြတင်ဆက်ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ကို ဇန်နဝါရီ ၁၈ ရက်မှ ၂၇ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများတွင် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အဖွဲ့ခေါင်းဆောင်၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ စုစုပေါင်းအင်အား ၁၆၈၀ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။
