နေပြည်တော် ၂၀၂၂ ဒီဇင်ဘာ ၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အခြေခံပညာကျောင်းသား အားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းသားအားကစားပွဲတော်နှင့် လူရည်ချွန်ပွဲများ ရပ်နားခဲ့ရသဖြင့် ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကျောင်းသားအားကစားပွဲကို ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ် အားကစားနည်းများဖြင့် ယှဉ်ပြိုင်ကျင်းပ သွားမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာရေးအတွက် ပြိုင်ပွဲကျင်းပရာတွင် အသက်မှစ၍ စနစ်တကျ မှန်မှန်ကန်ကန်ဖြစ်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား အားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအားလုံး ပါဝင်ကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အခြေခံပညာကျောင်းသား အားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲမှ စတင်၍ အားကစားထူးချွန်သည့် ကျောင်းသား ကျောင်းသူများကို ရွေးချယ်လေ့ကျင့်ပေးသွားပါက အခြေခံကျောင်းသားများ တက္ကသိုလ်တက်ရောက်ချိန်တွင် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲများကိုလည်း အရည်သွေး ပိုမိုကောင်းမွန်စွာဖြင့် ပါဝင်ယှဉ်ပြိုင် သွားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများအတွက် ပညာသင်တစ်နှစ်တာအတွင်း ကျင်းပဆောင်ရွက်မည့် အားကစားပြိုင်ပွဲကာလများကို အားကစား ပြက္ခဒိန် ရေးဆွဲသတ်မှတ် ပေးထားပါက ထူးချွန်အားကစားသမားများကို မွေးထုတ်နိုင်မှု ပိုမိုတိုးတက်မည်ဟု အကြံပြုလို ကြောင်း ပြောကြားသည်။
ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် ဒုတိယ ညွှန်ကြားရေးမှူး (ကျောင်းသားရေးရာ)တို့က အခြေခံပညာကျောင်းသား အားကစားပွဲတော် ကျင်းပရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ပြိုင်ပွဲကျင်းပရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
