နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အခြေခံပညာ ဆရာဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၉၉) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ၂၀၂၂ အောက်တိုဘာ ၂၅

ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်မည့် အခြေခံပညာ ဆရာဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၉၉)၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာ သိင်္ဃခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးအောင်တင်စိုး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြားရေး/စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် အရေးအကြီးဆုံးကဏ္ဍမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် နိုင်ငံတော်၏ အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် ကြိုးပမ်းအားထုတ်မှုများကို သိမြင်နားလည်ပြီး ဆရာဆရာမများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ မှန်ကန်ခိုင်မာမြင့်မားစေရန် မျိုးဆက်သစ် လူငယ်များကို ထိန်းကျောင်းလေ့ကျင့်ပေးရာတွင် အသိပညာ၊ ဗဟုသုတ၊ တွေးခေါ်မြော်မြင်မှု၊ ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာ၌ စံနမူနာပြ ဦးဆောင်နိုင်သူများဖြစ်ရန် ရည်ရွယ်ကြောင်း။

နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ဆရာဆရာမများက တပည့်များ၏ ကောင်းကျိုးကို လိုလားသူများ၊ တပည့်များ၏ဘဝကို ပြုစုပျိုးထောင်ဖန်တီးပေးသူများဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ၏ အနာဂတ်ဘ၀ခရီးလမ်းလျှောက်လှမ်းရာတွင် လိုအပ်သည့် အသိပညာ၊ အတတ်ပညာ၊ အလေ့အကျင့်ကောင်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို သင်ကြားပေးသည့် လက်ဦးဆရာများလည်း ဖြစ်ကြောင်း။

၂၀၂၂ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်၏ ဦးတည်ချက်ဖြစ်သည့် “ပညာရေးပြုပြင် ပြောင်းလဲမှု ဆရာများနှင့်အစပြု” (The Transformation of Education Begins with Teachers) ဆိုသည့်အတိုင်း ဆရာများ၏ပါရမီနှင့် သင်ကြားမှုအတတ်ပညာများကို အပြည့်အဝအသုံးချပြီး ကြိုးစားဆောင်ရွက်သွားကြရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်း။

ထို့ပြင် “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသော အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းသွားရန် ဆရာဆရာမများတွင် တာဝန်ရှိကြောင်း၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား ကာကွယ်တွန်းလှန်နိုင်စေရန်အတွက် နိုင်ငံသားတိုင်း အတွေးအခေါ် ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းနှင့် ဗဟုသုတအမြော်အမြင်ရှိစေရေး၊ တိုင်းပြည်ကို ချစ်သည့်စိတ်ဓာတ်များ ကိန်းအောင်းနေစေရေးမှာလည်း အခြေခံပညာ ဆရာဆရာမများ၏ တာဝန်ဖြစ်ကြောင်း။

သင်တန်းတွင် သင်ကြားပို့ချသည့် ဘာသာရပ်၊ ပညာရပ်များကို အလေးထားလိုက်နာပြီး မိမိတို့၏စိတ်ဓာတ်၊ ခံယူချက်၊ ကျင့်ဝတ်သိက္ခာများ မြင့်မားလာအောင် အသိပညာများ၊ အတွေးအခေါ်များ ပိုမိုရှင်သန်မြင့်မားလာစေရမည်ဟူသော ယုံကြည်ချက်ဖြင့် စနစ်တကျသင်ယူလေ့လာသွားရန် လိုအပ်ကြောင်း၊ သင်တန်းအတွက် ချမှတ်ထားသော စည်းကမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှကာကွယ်ရန် ချမှတ်ထားသော စည်းကမ်းများကို အလေးထားလိုက်နာသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

အခြေခံပညာ ဆရာဆရာများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၉၉)သို့ သင်တန်းသား ၅၀၊ သင်တန်းသူ ၄၃၈ ဦး စုစုပေါင်း ၄၈၈ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၅ရက်မှ နိုဝင်ဘာ ၂၅ ရက်ထိ ရက်သတ္တပတ် ငါးပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။