နေပြည်တော် ၂၀၂၂ အောက်တိုဘာ ၂၅
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ယနေ့ နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ပညာရေးလုပ်ငန်းများအောင်မြင်စေရေး ဆောင်ရွက်ရာတွင် လက်တွေ့အကောင်အထည်ဖော်ရသူများသည် ဆရာဆရာမများပင်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို အလွတ်ကျက်ဖြေကြားသည့်စနစ်မှ အမျိုးမျိုးစဉ်းစား တွေးခေါ်နိုင်သည့်သူများ ဖြစ်လာစေရန် သင်ကြားပေးရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို သင်ကြားရာတွင် စည်းကမ်းကောင်းမွန်ပြီး အချင်းချင်းလေးစား တန်ဖိုးထားသည့် အလေ့အကျင့်ကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ ခရိုင် ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုပေါင်းစည်း အထက်တန်းကျောင်း ၅၀ ကို ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ထိုကျောင်းများသို့ KG +9 အောင်မြင်ပြီးသည့် ကျောင်းသား ကျောင်းသူများ တက်ရောက်လိုပါက လွယ်ကူစွာတက်ရောက်၍ ပညာသင်ကြားနိုင်မည် ဖြစ်ပါကြောင်း၊ အခြေခံပညာတွင် အတန်းကူးပြောင်းနှုန်းနှင့် အောင်ချက်မြင့်မားရေးကို တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
