နေပြည်တော် ၂၀၂၂ အောက်တိုဘာ ၂၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် လှည်းကူးမြို့နယ်ပညာရေးမှူးရုံး၌ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး၊ လှည်းကူးမြို့နယ်ပညာရေးမှူးနှင့် လှည်းကူးမြို့နယ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ဆရာဆရာမများအနေဖြင့် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများကို ပညာတတ်လူတော်လူကောင်းများဖြစ်အောင် မိမိတို့ကိုယ်တိုင်စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် ပြုစုပျိုးထောင် သင်ကြားပေးကြစေလိုကြောင်း၊ ကလေးများ၏ အနာဂါတ်သည် ဆရာဆရာမများ၏လက်ထဲတွင်ရှိပါကြောင်း၊ ဒါသင် ဒါမေး ဒါကျက်ပုံစံမျိုး မဖြစ်စေဘဲ မှန်ကန်သောစဉ်းစားတွေးခေါ်မှုကို အခြေပြု၍ စည်းကမ်းရှိသော၊ ယဉ်ကျေးလိမ္မာသော၊ နိုင်ငံချစ်စိတ် မျိုးချစ်ရှိသော ပညာတတ်များဖြစ်အောင် မွေးထုတ်ပေးကြစေလိုပါကြောင်း၊ လာမည့်ပညာသင်နှစ်မှစတင်၍ ခရိုင် (၅၀) ရှိ အခြေခံပညာ အထက်တန်းကျောင်း (၅၀)တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက်၍ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့်မိမိတို့၏အရည်အသွေး တိုးတက်ရေးအတွက်အမြဲလေ့လာဆည်းပူးနေကြရမည်ဖြစ်ကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
