ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြစေလို

နေပြည်တော် ၂၀၂၂ အောက်တိုဘာ ၁၆

မြို့နယ်ပညာရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁နာရီခွဲတွင်  နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက မိမိတို့မြို့နယ် ပြန်ရောက်သည့်အခါ ယခုဆွေးနွေးပွဲမှရရှိသည့် အတွေ့အကြုံ၊ ဗဟုသုတနှင့် ပညာရပ်များဖြင့် ကျောင်းအုပ်ကြီးများ မွမ်းမံသင်တန်း ဖွင့်လှစ်လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ အသိပညာ အတတ်ပညာများ လက်ဆင့်ကမ်းဆောင်ရွက်ခြင်းဖြင့် ပညာရေးဝန်ထမ်းများ၏ အရည်အသွေးနှင့် စီမံခန့်ခွဲမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးအရည်အသွေးတိုးတက် မြင့်မားရေးအတွက် ညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ မြို့နယ်ဒေသအလိုက် ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြို့နယ်ပညာရေးမှူး ၁၃၅ ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ၃၀ ဦးတို့ တက်ရောက်ကြသည်။