နေပြည်တော် ၂၀၂၂ အောက်တိုဘာ ၁၂
ယနေ့ဆွေးနွေးပွဲသည် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပါသော ပုဂ္ဂိုလ်များ၏ ဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ မြို့နယ်ပညာရေးမှူးများ၏ စီမံခန့်ခွဲမှုအရည်အသွေးပေါ် မူတည်၍ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ မြို့နယ်ပညာရေးမှူးသည် ပညာရေးရည်မှန်းချက်များ အောင်မြင်ပေါက်မြောက်အောင် အကောင်အထည်ဖော်ရာတွင် အခရာဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားသည်။
မြို့နယ်ပညာရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေး ဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ထိုသို့ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မြို့နယ်ပညာရေးမှူး တစ်ယောက်သည် ကိုယ့်မြို့နယ်ပညာရေး တိုးတက်ရန်အတွက် အဓိကတာဝန်ရှိသူဖြစ်၍ မိမိကိုယ်ကိုယ် အရည်အသွေးမြင့်မားအောင် ဆောင်ရွက်သလို မိမိနှင့်အတူ တွဲလုပ်ကြရသည့် ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ အရည်အသွေးမြင့်အောင် ဆောင်ရွက်ပေးရန်လည်း လိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူမှု ကောင်းမွန်ရေးအတွက် ကျောင်းများတွင် သင်ကြားနေမှုများကို ကွင်းဆင်းကြည့်ရမည် ဖြစ်ပါကြောင်း၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံချက်ရေးဆွဲပြီး ဆောင်ရွက်ကြရန် လိုပါကြောင်း၊ မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ရေးဆွဲပါက ကိန်းဂဏန်း အချက်အလက်များက ယုံကြည်ကိုးစားနိုင်ရန် လိုအပ်ပါကြောင်း၊ ကျောင်းများ၏ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ပညာရေး ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားရေး၊ စီမံခန့်ခွဲမှုပိုမို အားကောင်းလားစေရေး တို့ကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပညာရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မိဘ ပြည်သူများ၊ ရပ်ရွာ လူထုများ ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက် ဖြစ်သည့် ပညာရေးဝန်ထမ်းများ၏ အရည်အသွေးမြင့်မားရန်၊ စီမံခန့်ခွဲမှုများ ပိုမိုအားကောင်း လာစေရန်အတွက် စုပေါင်းတိုင်ပင်ဆွေးနွေး ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဆွေးနွေးပွဲအပြီး မိမိတို့တာဝန်ကျရာ ဒေသများသို့ရောက်သည့်အခါ မိမိတို့မြို့နယ်၊ ရပ်ရွာဒေသများရဲ့ ပညာရေးတိုးတက် မြင့်မားအောင် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။ ဆွေးနွေးပွဲကို ယနေ့မှ အောက်တိုဘာ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
