နေပြည်တော် ၂၀၂၂ ဇူလိုင် ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့သည့် ၂၀၂၂ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲ ထူးချွန်ကျောင်းသားကျောင်းသူအဖွဲ့သည် ယမန်နေ့ ည ၁၀ နာရီတွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိရာ ပညာရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ နွေးထွေးစွာကြိုဆိုခဲ့ကြပြီး ယနေ့တွင် ထူးချွန်ကျောင်းသားကျောင်းသူ များကို မိဘရပ်ထံပြန်လည်ပို့ဆောင်ပေးခဲ့သည်။
ထူးချွန်ကျောင်းသားကျောင်းသူများကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေရေး၊ ပြည်တွင်းပြည်ပနိုင်ငံ အတွေ့အကြုံကောင်းများရရှိစေရေးတို့အတွက် ဇွန် ၂၇ ရက်မှ ဇူလိုင် ၁ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေတွင်လည်းကောင်း၊ ဇူလိုင် ၄ ရက်မှ ဇူလိုင် ၆ ရက်အထိ ထိုင်းနိုင်ငံတွင်လည်းကောင်း၊ ဇူလိုင် ၆ ရက်မှ ဇူလိုင် ၈ ရက်အထိ စင်ကာပူနိုင်ငံတွင်လည်းကောင်း လေ့လာရေး ခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
