အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ် ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုကို စာသင်ကျောင်းများမှ စတင်ပျိုးထောင်ရမည်

နေပြည်တော် ၂၀၂၂ မေ ၁၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၂)နှင့်  ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၃) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး၊ ဒုတိယဝန်ကြီးများ၊ ကော်မရှင် အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးက တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေး အဖြစ် ရည်ညွှန်းကိုးကားနိုင်ရန်နှင့် သင်ခန်းစာများအဖြစ် ထည့်သွင်းရေးဆွဲသင်ကြားနိုင်ရန် ရည်ရွယ်ပြီး ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် တရားစွဲဆို အရေးယူရုံမျှဖြင့် အောင်မြင်နိုင်မည်မဟုတ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို တည်ဆောက်ဖော်ဆောင်နိုင်မှသာ အဂတိလိုက်စားမှုကို ရှောင်ရှားနိုင်မည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေနှင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်ပေးသည့် အပြုသဘောဆောင်သော နည်းလမ်းကို  ပိုမိုအလေးထား ကြိုးပမ်းအားထုတ်လျက်ရှိပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုကို စာသင်ကျောင်းများမှ စတင်ပျိုးထောင်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ  ဦးတင်ဦးက ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေထံသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၂)၊ ဖြောင့်မတ်တည်ကြည်မှု နှင့် ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၃)တို့ကို လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စု ဝန်ကြီးက ကော်မရှင်ဥက္ကဋ္ဌထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့လွှဲပြောင်းပေးအပ်သည့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များသည် ရည်ရွယ်ချက်ကောင်းများဖြင့် ပြုစုထုတ်ဝေခြင်းဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များကို အဂတိလိုက်စားမှုကင်းစင်ပြီး ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ကောင်းမွန်သည့် နိုင်ငံသားကောင်းများ ဖြစ်လာစေရေးအတွက် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို သက်ဆိုင်ရာတက္ကသိုလ်များသို့ ဆက်လက်ပေးပို့ဖြန့်ဝေပြီး တက္ကသိုလ်စာကြည့်တိုက်များတွင် ထားရှိကာ ကျောင်းသားများ ဖတ်ရှုလေ့လာစေ၍ အသိပညာပေးရေးဆိုင်ရာ အခမ်းအနားများ၊ ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပညာရေးဝန်ကြီးဌာနသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၂)၊ ဖြောင့်မတ် တည်ကြည်မှု နှင့် ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၃) စာအုပ် စုစုပေါင်းအုပ်ရေ (၄၀၀၀) လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။