နေပြည်တော် ၂၀၂၂ မေ ၁၀
ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၊ ပညာရေးဒီဂရီ ကောလိပ်များကို မေလ ၁၂ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ (စနေ၊ တနင်္ဂနွေမပါ) စာသင်ရက်ပေါင်း ၈၀ ဖြင့် ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မေလ ၁၂ ရက်မှ စတင်၍ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့လုံခြုံစွာ ကျောင်းတက်နိုင်ရေး အတွက် ပံ့ပိုးစောင့်ရှောက်ပေးကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ခန်းများ သန့်ရှင်းသပ်ရပ်ရေး၊ ရေ၊ မီး၊ အင်တာနက် ဝိုင်ဖိုင် ပြည့်စုံရေး၊ စားသောက်ရေး၊ အဆောင်နေထိုင်ရေး၊ သွားလာရေး၊ ကျန်းမာရေး ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီး အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ စတင်ဖွင့်လှစ်သည့် မေလ ၁၂ ရက်မှ စတင်၍ စာသင်ကြားကြရမည် ဖြစ်ပါကြောင်း၊ သင်ကြား၊ သင်ယူမှု အဆင်ပြေချောမွေ့စေရေးအတွက် ပါမောက္ခချုပ် များကိုယ်တိုင် ဒုတိယပါမောက္ခချုပ်များနှင့်အတူ စာသင်ခန်းများကို နေ့စဉ်လှည့်လည် ကြည့်ရှု ပံ့ပိုးပေးရန်လိုအပ်ပါကြောင်း၊ တက္ကသိုလ်မောင်မယ် သစ်လွင်ကြိုဆိုပွဲများကို ကျင်းပပေးကြရမည်ဖြစ်ပါကြောင်း၊ မေလ ၂၆ ရက်မှ စတင်သော အခြေခံပညာ ကျောင်းအပ်နှံရေး သီတင်းပတ်တွင်လည်း ပါမောက္ခချုပ်များက ဝိုင်းဝန်းပံ့ပိုးပေး ကြစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းနှင့် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က ပညာသင်နှစ်အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
