နေပြည်တော် ၂၀၂၂ မတ် ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကလောမြို့နယ် ဟဲဟိုး အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ ကလောမြို့နယ် အောင်ပန်းမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကာ ကျောင်းဆောင်များကြံ့ခိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်း သာယာရေးကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ကျောင်း၏ ကျောင်းအင်္ဂါရပ်များ ပြည့်စုံကောင်းမွန်မှုနှင့်အတူ အရည်အသွေးပြည့်ဝသော လူတော်လူကောင်း ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ရန်၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကိုဗစ်စည်းကမ်း နှင့်အညီ အမှားအယွင်းမရှိစေဘဲ အောင်မြင်စွာကျင်းပနိုင်ရန်၊ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးတို့ကို ဆောင်ရွက်ပေးရန်၊ ကျန်းမာရေးအတွက် အရေးပေါ်အရန်အခန်း ပြင်ဆင်ထားရှိနိုင်ရန်နှင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
