ရန်ကုန် ၂၀၂၂ မတ် ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တက္ကသိုလ်အတွက် သင်ကြားရေးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးရန် ခွင့်ပြုရန်ပုံငွေများ ဖြည့်ဆည်းပေးသွားမည်ဖြစ် ကြောင်း၊ တက္ကသိုလ်၏ သုတေသနလုပ်ငန်းများ အောင်မြင်စေရန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ အင်တာနက် ဝိုင်ဖိုင် ပြည့်စုံရန်နှင့် သုတေသနလုပ်ငန်း ဆောင်ရွက်ရန် ရန်ပုံငွေများ၊ ခရီးစရိတ်များကိုပါ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ဆရာဆရာမ များအနေဖြင့် သင်ကြားရေးပိုင်းတွင်သာမက သုတေသနလုပ်ငန်းများ အောင်မြင်နိုင်ရေး အတွက်ပါ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများကိုလည်း အမှန်တကယ်တတ်မြောက်သော ပညာတတ်များဖြစ်လာစေရေး လေ့ကျင့်မွေးထုတ် ပေးကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက ရန်ကုန်တက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်ရေး၊ ဆရာဆရာမများ၏ အရည်အသွေးတိုးတက်စေရေး အတွက် မွမ်းမံသင်တန်းများဖွင့်လှစ်ရေးနှင့် ဝန်ထမ်းများ၏ ရာထူးတိုးကိစ္စရပ်များ၊ သက်ဆိုင်ရာ ပညာတော်သင်များသွားရောက်ရာတွင် လိုက်နာရန် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြော ကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျိုက္ခနာသို့ ရောက်ရှိကြပြီး ကျောင်းစင်္ကြံလမ်းများပြုပြင်ခြင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ပြုပြင်ထိန်းသိမ်း ခြင်းနှင့် ရေသန့်စက်များ၊ သန့်စင်ခန်းများဖြည့်ဆည်းပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် လေ့ကျင့်ရေးအထက်တန်းကျောင်းသို့ရောက်ရှိပြီး ပညာရေးတက္ကသိုလ်ဝင်း အတွင်း စာသင်ဆောင်နှင့် အားကစားရုံဆောက်လုပ်ခြင်း၊ စာသင်ဆောင်များ ဆေးပြန်လည် မွမ်းမံခြင်း၊ လေ့ကျင့်ရေးအထက်တန်းကျောင်း၏ ကျောင်းဆောင် ဆေးပြန်လည်မွမ်းမံခြင်း၊ ခြံစည်းရိုးများ ပြန်လည်ပြုပြင်ဆေးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
