၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ

  • မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/ လက်ခံခြင်းမပြုရ။
  • ငွေကြေး/ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရ။
  • ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များ ရောင်းချခြင်းမပြုရ။
  • အခြား မည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ။
  • အသက်(၅)နှစ် ပြည့်သူတိုင်းအား သူငယ်တန်း (KG)တွင်လည်းကောင်း၊ အသက်(၆)နှစ်  ပြည့်သူတိုင်းအား ပထမတန်း (Grade-1) တွင်လည်းကောင်း၊ ကျောင်းနေအရွယ် အားလုံး ကျောင်းအပ် လက်ခံဆောင်ရွက်​ရန်။
  • ကျောင်းတက်မှန်၍ စာသင်ချိန်ဇယားအတိုင်း ပုံမှန်အတန်းဝင် သင်ကြားသင်ယူပေးရန်၊ ရုံးတက် မှန်ရန်။
  • ကျောင်းသား၊ ကျောင်းသူများအား ပူးပေါင်းဆောင်ရွက်တတ်၍ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်သော တီထွင်ကြံဆ နိုင်စွမ်းရှိသည့် လူသားကောင်းများ ဖြစ်လာစေရန်အတွက် ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ သင်ယူ တတ်မြောက်မှု အရည်အသွေး ကောင်းမွန်ရေး၊ မိဘများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပါရန်။
  • သက်ဆိုင်ရာ အတန်းများအလိုက် အခန်းဆုံးစစ်ဆေးခြင်းများကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် တစ်ကြိမ်နှင့် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ နှစ်လယ်စစ်ဆေးခြင်းကို အောက်တိုဘာလတွင်တစ်ကြိမ်၊ နှစ်ဆုံးစစ်ဆေးခြင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ် စုစုပေါင်း (၄)ကြိမ်သာ ဆောင်ရွက်ရန်။
  • ကျောင်းခေါ်ချိန်မပြည့်သူများ၊ သင်ယူတတ်မြောက်မှုအားနည်းသော ကျောင်းသား၊ ကျောင်းသူများအတွက် ဖြည့်ဆည်း သင်ကြား ပေးခြင်း (Remedial Educational) ကို ဇူလိုင်လမှ စတင်၍ နှစ်ဆုံးစစ်ဆေးခြင်း မတိုင်မီအထိ စဉ်ဆက်ဆောင်ရွက်ရန်။
  • ကျောင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် တတ်စေရေး ကျောင်းသား၊ ကျောင်းသူများကို တိုက်တွန်းအားပေးပါရန်။
  • မူတန်းအဆင့်တွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကျောင်းသား၊ ကျောင်းသူအားလုံး စာဖတ်တတ်ရန်၊ စာရေးတတ်ရန်၊ အခြေခံသင်္ချာတွက်ချက်တတ်ရန်အတွက် အလေးအနက်ထား ဆောင်ရွက်ပြီး ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းများသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းပါဝင် ဆောက်ရွက်ပေးပါရန်။
  • ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အကြံပြုလို၊ တိုင်ကြားလိုပါက ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃)၊ နေပြည်တော် (သို့မဟုတ်) dpsoffice@moe-mm.com သို့ ပေးပို့တိုင်ကြားနိုင်ပါသည်။

ပညာရေးဝန်ကြီးဌာန