၂၀၁၈-၂၀၁၉ ပညာသင်နှစ် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်

  • ကျောင်းသားဦးရေး တိုးတက်များပြားလာခြင်းကြောင့် လည်းကောင်း၊ ကျောင်းအပ်နှံနှုန်း မြင့်မားလာခြင်းကြောင့် လည်းကောင်း၊ ထပ်ကျော့ကျောင်းအပ်နှံခြင်းကြောင့် လည်းကောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို လုံလောက်စွာ ဖြန့်ဝေ ပေးလိုပါသဖြင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်။
  • ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်းမပြုပါရန်။
  • အသက်(၅) နှစ်ပြည့်သူတိုင်းအား သူငယ်တန်း(KG)တွင်လည်းကောင်း၊ အသက်(၆) နှစ်ပြည့်သူတိုင်းအား ပထမတန်း (Grade-1) တွင်လည်းကောင်း၊ ကျောင်းနေအရွယ်အားလုံး ကျောင်းအပ်နိုင်ရေးအတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပါရန်။
  • မိဘများအနေဖြင့် မိမိသားသမီးအား ပူးပေါင်းဆောင်ရွက်တတ်၍ တာဝန်ယူ တာဝန်ခံ​ဆောင်ရွက်တတ်သော တီထွင်ကြံဆ နိုင်စွမ်းရှိသည့် လူသားကောင်းများ ဖြစ်လာစေရန်အတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက် ပါရန်။
  • ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်မှန်ရေးနှင့် အိမ်စာမှန်မှန်လုပ်ဆောင်ရေးအတွက် မိဘများက ကြီးကြပ်၍ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပေးပါရန်။
  • သက်ဆိုင်ရာ အတန်းများအလိုက် အခန်းဆုံးစစ်ဆေးခြင်းများကို ၂၀၁၈ခုနှစ် ဇူလိုင်လတွင်တစ်ကြိမ်နှင့် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ နှစ်လယ်စစ်ဆေးခြင်းကို အောက်တိုဘာလတွင် တစ်ကြိမ်၊ နှစ်ဆုံးစစ်ဆေးခြင်းကို ၂၀၁၉ ခုနှစ် ဖော်ဖော်ဝါရီလတွင် တစ်ကြိမ် စုစုပေါင်း (၄)ကြိမ်သာ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကျောင်းသား၊ ကျောင်းသူများ သင်ယူတတ်မြောက်မှု ကောင်းမွန်ရေးအတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပေးပါရန်။
  • ကျောင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရေး မိမိသားသမီး များကို တိုက်တွန်းအားပေးပါရန်။
  • မိဘဆရာအသင်းနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပါရန်။
  • မူလတန်းအဆင့်တွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကျောင်းသား၊ ကျောင်းသူအားလုံး စာဖတ်တတ်ရန်၊ စာရေးတတ်ရန်၊ အခြေခံသင်္ချာတွက်ချက်တတ်ရန်အတွက် အလေးအနက်ထား ဆောင်ရွက်ပြီး ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘများက ပူးပေါင်းပါဝင်ဆောင်ရွက် ပေးပါရန်နှင့် မျှဝေခြင်းဆိုင်ရာ အစီအစဉ်တွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပါရန်။
  • မိဘများအနေဖြင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကြံပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
  • ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အသိပေးတိုင်ကြားလိုပါက ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)၊ နေပြည်တော် (သို့မဟုတ်) dpsoffice@moe-mm.com သို့ ပေးပို့တိုင်ကြားနိုင်ပါသည်။

ပညာရေးဝန်ကြီးဌာန