အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာများမှ ကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်

 

နေပြည်တော် ၂၀၂၅ ဧပြီ ၈

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများကို တွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မတ် ၂၈ ရက်နေ့က ပြင်းထန်သည့်ငလျင်ကြောင့် ငလျင်ဘေးဒဏ်သင့်ဒေသတွင် ကျောင်းအချို့ ထိခိုက်ပျက်စီးခဲ့ပါကြောင်း၊ မည်သည့်အခက်အခဲ အကြပ်အတည်းများ ကြုံတွေ့နေရသော်လည်း ပညာရေးသည် ရပ်တန့်၍မရပါကြောင်း၊ ရှင်သန်နေထိုင်မှုတိုင်းအတွက် ပညာရေးသည် အလွန်အရေးပါသော အဓိကအခြေခံပင်ဖြစ်ပါ ကြောင်း၊ လာမည့်ဇွန်လတွင် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာများမှ ကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ကျောင်းများပျက်စီးမှုပုံစံအမျိုးမျိုးရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ အနေဖြင့် စနစ်တကျအဖွဲ့များဖွဲ့စည်း၍ မိမိတို့ဒေသအတွင်းရှိ ကျောင်းများ၏အခြေအနေ  စာရင်းအချက်အလက်များကို စနစ်တကျကောက်ယူရမည်ဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအလိုက် ကျောင်းသားအရေအတွက်နှင့် ပျက်စီးဆုံးရှုံးမှုပေါ် မူတည်၍ ပျက်စီးမှုမရှိသောကျောင်းများတွင် နှစ်ချိန်တက်ကျောင်းများဖြင့် စီစဉ်ဆောင်ရွက် ပေးခြင်း၊ ပြင်ဆင်ရမည့်ကျောင်းများကို ပညာသင်ချိန်အမီ ပြင်ဆင်တည်ဆောက်ခြင်း၊ ယာယီ ကျောင်းဆောင် တည်ဆောက်ပေးခြင်းတို့ဖြင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ များ ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေးအတွက်  ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်း၍ အခြေခံပညာကျောင်းများ၊ ပညာရေးဒီဂရီ ကောလိပ်များနှင့် တက္ကသိုလ်များတွင် ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက် တန်းကျောင်း၊ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ ဆရာဆရာမများကို ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားသည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လာမည့်ပညာသင်ကာလအမီ ပြင်ဆင် ရမည့်ကျောင်းများကို ‌အဆောက်အဦစစ်ဆေးရေးအဖွဲ့များ၏မှတ်ချက်ဖြင့် အမြန်ဆုံး ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆရာဆရာမများ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စာသင်ဆောင်နှင့် ရေမီးရရှိရေး၊ သန့်စင်ခန်း လိုအပ်ချက် ပြည်မီရေးတို့ကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်းစသည်ဖြင့် မှာကြားသည်။ ယင်းနောက် အဆိုပါ ကျောင်းရှိ ငလျင်ဒဏ်သင့် ပညာရေးဝန်ထမ်းမိသားစုများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက  ရေသန့်ကတ်များ၊ ခေါက်ဆွဲခြောက်ထုပ် များကို ပေးအပ်ခဲ့ကြောင်း သိရသည်။