ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ရှိ မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်ရှိ မြို့နယ်အချို့ တွင် ရက်‌ပေါင်း ၄၀ ကြာ သင်ကြားပေးသွားမည့် စာတတ်မြောက်ရေးလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်နိုင်ရေး ပညာရေးဝန်ကြီးဌာနက စီစဉ်လုပ်ဆောင်လျက်ရှိ

 

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၂၆

 

ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီးက စာတတ်မြောက်ရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများနှင့် ကျေးလက်အစွန်အဖျား‌ဒေသရှိ ပြည်သူများအားလုံးကို ဦးတည်၍ ရုံးသုံးစာဖြစ်သည့် မြန်မာစာ မြန်မာစကား အရေး၊ အဖတ် မတတ်သူများ၊ အခြေခံသင်္ချာဘာသာရပ် မတွက်ချက်တတ်သူများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ဦးတည်အုပ်စုအနေဖြင့် အသက် ၁၅ နှစ်နှင့်အထက် လူငယ်၊ အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးပိုင်းအရွယ်များကို သတ်မှတ်၍ စာတတ်မြောက်ရေးလုပ်ငန်း သင်ကြားပေးမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ရှိ မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရက်‌ပေါင်း ၄၀ ကြာ သင်ကြားပေးသွားမည့် စာတတ်မြောက်ရေး လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်နိုင်ရေး ပညာရေးဝန်ကြီးဌာနက စီစဉ်လုပ်ဆောင်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းကို လာမည့်နှစ်နွေရာသီကာလတွင် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတစ်ဝန်း သင်ကြားရေးအစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြနိုင်ရေး ဝိုင်းဝန်းဆွေးနွေး တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ကျောင်းပြင်ပပညာရေးဆိုင်ရာ စာတတ်မြောက်ရေး၊ စဉ်ဆက်ပညာရေးနှင့် တန်းညှိပညာရေးဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆောင်ရွက်သွားမည့် အစီအစဉ် များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တက်ရောက်လာသူများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။