ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်များ စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၇

 

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းဖြင့် သင်ကြားခွင့်မရရှိခဲ့သူများအတွက်‌ ကျောင်းပြင်ပ ပညာရေးနည်းလမ်းဖြင့် သင်ကြားပေးနိုင်ရေး ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း၏ ကဏ္ဍတစ်ရပ်ဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်များ စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ပြည်နယ်အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ် ပညာ‌ရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ကြားပေးလျက်ရှိသည့် စေတနာလုပ်အားပေး နည်းပြများနှင့် ကြီးကြပ်များ၊ ပညာရေးမိသားစုဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

ဦးစွာ အခမ်းအနားကိုတောင်ကြီးမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက "အနာဂတ်မျှော်တွေး စဥ်ဆက်ပညာရေး" တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

 

ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဥ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှု ဗဟိုကော်မတီနာယက ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အလေးထားဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့်အတူ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်လေးခု၊ ဧရာဝတီတိုင်းဒေသကြီး မြို့နယ်ငါးခုနှင့် နေပြည်တော်ပြည်ထောင်စုနယ်မြေ မြို့နယ်ရှစ်ခုတို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စတင်ဆောင်ရွက်ခြင်း အစီအစဉ်များနှင့် စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးဖြစ်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်တို့တွင် စဉ်ဆက်ပညာရေး လုပ်ငန်းဆောင်ရွက်ခြင်း အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေများရှိ သတ်မှတ်မြို့နယ်များတွင် စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးပါက ဆက်လက်လုပ်ဆောင်ရမည့် စဉ်ဆက်ပညာရေးလုပ်ငန်းများကို ဒေသအစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျေးလက်နေ ပြည်သူများနှင့် အစွန်အဖျား ဒေသများရှိ တိုင်းရင်းသားပြည်သူများအားလုံး စာတတ်မြောက်ရေးအတွက် ဆောင်ရွက်သွားရမည့် ကျောင်းပြင်ပ ပညာရေးကဏ္ဍ၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၊ စဉ်ဆက်ပညာရေး လုပ်ငန်းတို့ကို ဦးတည်အုပ်စုများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသည့်ကလေးများ၊ ကျောင်းနေအရွယ်လွန် ကလေးများနှင့် စာမတတ်သူကလေးများအတွက် ဦးတည်အုပ်စုအဖြစ် အသက် ၁၀ နှစ်နှင့် ၁၄ နှစ်အရွယ် ကလေးများအား ဖော်ဆောင်ပေးလျက်ရှိသည့် တန်းညှိပညာရေး အစီအစဉ်ဖြစ်သည့် ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်နှင့် ကျောင်းပြင်ပအလယ်တန်း ပညာရေးအစီအစဉ်များကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ တိုးချဲ့ဆောင်ရွက်သွားနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ရှမ်းပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဥ်ဆက်ပညာရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီနာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားသည်။

 

ဆက်လက်၍ တောင်ကြီးမြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊‌ ကျောင်းသူများက “လူတိုင်းအတွက် ပညာရေး”တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုကြသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ကျောင်းပြင်ပ ပညာရေးကဏ္ဍနှင့် စဉ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တေးသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပေးအပ်သည့် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ကယားပြည်နယ် အခြေခံပညာ‌ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများသို့ပေးအပ်ရာ ကယားပြည်နယ်ပညာရေးမှူးက လက်ခံရယူသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခင်းကျင်းပြသထားသော အခြေခံစာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေးလုပ်ငန်း ပြခန်းကို လှည့်လည်ကြည့်ရှုကြသည်။

 

ကျောင်းပြင်ပ ပညာရေးကဏ္ဍတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ကြားခြင်းကို အဆိုပါမြို့နယ် သုံးခုတွင် ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်သည့်အတွက် စာတတ်မြောက်ရေးလုပ်ငန်း သင်ကြားပြီးခဲ့သူများ၊ ငယ်စဉ်က မူလတန်းပညာ ပြီးမြောက်ခဲ့သူများနှင့် မူလတန်းပညာကို တစ်ပိုင်းတစ်စနှင့် ကျောင်းထွက်ခဲ့ရသူများအား ဦးတည်အုပ်စုအဖြစ် သတ်မှတ်၍ အသက် ၁၅ နှစ်နှင့်အထက် လူငယ်နှင့်သက်ကြီးပိုင်းအရွယ်များကို စာသင်သားများ အဖြစ် စာရင်းကောက်ယူပြီး စာသင်ဝိုင်းများစုဖွဲ့၍ စဉ်ဆက်ပညာရေးကို တစ်ရက်ပျမ်းမျှ သုံးနာရီနှုန်းဖြင့် နာရီပေါင်း ၂၇၀၊ ရက်ပေါင်း ၉၀ ကြာ သင်ကြားခြင်းအစီအစဉ်များကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ် အခြေခံပညာ အလယ်တန်း‌ကျောင်း (ကုန်းပေါ်)၊ အခြေခံပညာ အထက်တန်း‌ကျောင်း (ရွှေညောင်)၊ ကလောမြို့နယ် အောင်ပန်းမြို့ရှိ အခြေခံပညာ အလယ်တန်းကျောင်း (ဝါးရုံပင်)၊ အခြေခံပညာ အထက်တန်းကျောင်း (အင်းခေါင်း)၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်း (အောင်ပန်း) ကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။