မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေး

နေပြည်တော် ၂၀၂၃ မေ ၂

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေးလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊  ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် ဆွေးနွေးညှိနှိုင်းရန် ချမှတ်ပေးထားသော ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်စေရန် ပညာရေးညီလာခံကို ခမ်းခမ်းနားနား ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ညီလာခံကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လမ်းညွှန်မှာကြားထားသည့်အတိုင်း ချို့ယွင်းချက်မရှိ၊ အမှားအယွင်းမရှိအောင် ဝိုင်းဝန်းပူးပေါင်းကျင်းပရမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့်အတူ ပညာရေးဆိုင်ရာ အခြားဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ကျင်းပသည့် ဤမြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ပါဝင်သည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီဆိုင်ရာ လုပ်ငန်းများကို အတူတကွ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး(၁) အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက ညီလာခံကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌများက ညီလာခံကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အစီအစဉ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို နံနက်ပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။