နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၁၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ဆရာအတတ်ပညာ ဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များမှကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အရည်အသွေးပြည့်ဝသည့် ဆရာဆရာမများကသာ ကျောင်းသား ကျောင်းသူများကို တိုင်းပြည်အတွက် တန်ဖိုးရှိသည့် အနာဂတ်သားကောင်းရတနာ လူတော်လူကောင်းများဖြစ်လာအောင် ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် ဆရာအတတ်ပညာသင်တန်းများ အရည်အသွေးမြင့်မားရေး၊ အခြေခံ ပညာရေးကဏ္ဍ၏ လိုအပ်ချက်ပြည့်မီအောင် ဆရာဆရာမများ ပြုစုပျိုးထောင်မွေးထုတ်ပေး နိုင်ရေးကို စနစ်တကျစီမံချက်ညှိနှိုင်းရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့၏ ပညာရေးဒီဂရီကောလိပ်ကျောင်းများ အရည်အသွေး တိုးတက်မြင့်မားရေးအတွက် အမြဲမပြတ်ကြိုးစားအားထုတ် လေ့လာဆောင်ရွက်ကြစေလို ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေးဒီဂရီကောလိပ်များတွင် မူလတန်းပြ၊ အလယ်တန်းပြ ဆရာအတတ်ပညာသင်တန်းများ၊ အထက်တန်းပြအဆင့်သို့ ဦးတည်သော သင်တန်းများဖွင့်လှစ်နိုင်မည့်အခြေအနေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပညာရေးဒီဂရီကောလိပ်မှဖွင့်လှစ်သည့် သင်တန်းများ၏ သင်တန်း ကာလဆိုင်ရာ သတ်မှတ်ချက်များကိုလည်းကောင်း၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါ်နှင်းကြည်က ဆရာအတတ်ပညာဦးစီးဌာန ပညာရေးဒီဂရီကောလိပ်များက နှစ်စဉ် သင်တန်းသား သင်တန်းသူများ သင်ကြားပေးနိုင်မှု၊ ဆရာဆရာမများ အရည်အသွေးမြှင့် သင်တန်းဖွင့်လှစ်မှုဆိုင်ရာများကိုလည်းကောင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် တက်ရောက်လာသည့် ကျောင်းအုပ်ကြီးများက ပညာရေးဒီဂရီကောလိပ် သင်တန်းများ၊ အခြေခံပညာနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
