နေပြည်တော် ၂၀၂၃ အောက်တိုဘာ ၁၉
နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ပုဂ္ဂလိက အခြေခံပညာကျောင်း (International Schools) များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ပုဂ္ဂလိကအခြေခံပညာကျောင်း တည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးများက နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ပုဂ္ဂလိကအခြေခံပညာကျောင်း (International Schools) များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ချသော ပညာရပ်အရည်အသွေး မြင့်မားရေးနှင့် ကျောင်းသား ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေး၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ လိုက်နာထိန်းသိမ်း တတ်စေရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ပုဂ္ဂလိကအခြေခံပညာကျောင်းများမှ တက်ရောက်လာသူများက ကဏ္ဍအလိုက်သိရှိလိုသည်များနှင့် တွေ့ကြုံသော အခက်အခဲများကို တင်ပြဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
