ရန်ကုန် ၂၀၂၅ ဇူလိုင် ၂၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် လေ့ကျင့်ရေး အထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းစာကြည့်တိုက်များအတွင်း အကျိုးပြုစာပေကောင်းများ၊ သုတရသစာအုပ်ကောင်းများထားရှိရေး၊ ကျောင်းသား ကျောင်းသူများ၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များ ရှင်သန်ထက်မြက်စေရေး၊ စည်းကမ်းကောင်းမွန်ရေးတို့အတွက် ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ရန်ကုန်ရုံးခွဲသို့ ရောက်ရှိရာ ညွှန်ကြားရေးမှုးချုပ် ဦးသန့်ဇင်ထွန်းက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးမှာကြားကာ မြန်မာ့ပညာရေးရုပ်သံ စတူဒီယိုခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မြန်မာနိုင်ငံစာစစ်ဦးဌာနသို့ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်လွင်က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပခဲ့သည့် နှစ်အလိုက် စာမေးပွဲဖြေဆိုခွင့်ကတ် မှတ်တမ်းထားရှိမှု အခြေအနေ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် စာမေးပွဲဌာနစိတ်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
