နောင်ချို ၂၀၂၆ မေ ၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ နောင်ချိုမြို့နယ်ရှိ မြို့နယ်ပညာရေးမှူး၊ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ၊ သင်ကြားရေးဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံသည်။
ဦးစွာ ဒုတိယဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် ကျောင်းများတွင် စာသင်ကြားသည်သာမက အသိပညာ၊ အတတ်ပညာများကို ကျောင်းသားလူငယ်များ တတ်ကျွမ်းနားလည်အောင် စေတနာထား သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ မိဘ၊ ဆရာ၊ ကျောင်းသားအားလုံး ပူးပေါင်း၍ အရည်အသွေးရှိသောပညာရေးစနစ် ပေါ်ပေါက်လာစေရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့်ကျောင်းသား ကျောင်းသူများ ဂရုပြုရမည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်မရရှိခဲ့သော ကျောင်းပြင်ပရောက် ကလေးများကို ကျောင်းပြင်ပပညာရေးအစီအစဉ်ဖြင့် ပညာဆက်လက်သင်ကြားခွင့်ရရှိရေး ဆောင်ရွက်ထားရှိမှု၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက ဆရာ ဆရာမများအား ထောက်ပံ့ငွေများပေးအပ်သည်။
ဆက်လက်၍ နောင်ချိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ နမ့်ဆောင်ဟူးသို့ သွားရောက်ပြီး ကျောင်းဆောင်များ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
