ရန်ကုန် ၂၀၂၄ မတ် ၂၈
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် MICT Park ရှိ STI Myanmar University သို့ရောက်ရှိကာ စာသင်ခန်းများ၊ Theatre ခန်းမ၊ Geotechnical Lab ခန်း၊ Hydraulic Lab ခန်းနှင့် စာကြည့်တိုက်ကို ကြည့်ရှု၍ ကျောင်းသား ကျောင်းသူများ မြန်မာစာဖတ်ရှုနားလည်မှုစွမ်းရည်ကို စမ်းသပ်စစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက STI Myanmar University မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လျှောက်လွှာများကို ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့ နောက်ဆုံးထား တင်သွင်းရန် ပညာရေးဝန်ကြီးဌာန ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့က ညွှန်ကြားစာ ထုတ်ပြန်ခဲ့ပါကြောင်း၊ သို့ရာတွင် ကျောင်းကြီးအချို့သည်ပင် လျှောက်လွှာတင်သွင်းခြင်း မရှိသေးသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ ကျောင်းမှတ်ပုံတင်လျှောက်လွှာကို သတ်မှတ်ရက်အမီ တင်သွင်းလျှောက်ထားကြရန်နှင့် လျှောက်လွှာမတင်သွင်းသော ကျောင်းများကို ဥပဒေအာဏာတည်သည့်နေ့မှစ၍ တစ်နှစ်ပြည့်မြောက်သော ၂၀၂၄ ခုနှစ် မေလ ၁၂ ရက်နေ့ နောက်ပိုင်းတွင် ပိတ်သိမ်းမည်ဖြစ်သည်ကို အသိပေးပြောကြားပေးကြစေလိုပါကြောင်း၊ အသစ်ဖွင့်လှစ်မည့် ပုဂ္ဂလိကကျောင်းများသည်လည်း အမြန်ဆုံးလျှောက်ထားကြရမည်ဖြစ်ပါကြောင်း၊ ဥပဒေတွင် မည်သူမျှကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်မရှိဘဲ ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်းကို တည်ထောင်ဖွင့်လှစ်ခြင်းမပြုရဟု ပြဋ္ဌာန်းထားပါကြောင်း။
အလားတူ မည်သူမျှ ပုဂ္ဂလိကကျောင်းဆရာမှတ်ပုံတင်လက်မှတ် မရှိသောသူကို ပုဂ္ဂလိကကျောင်းဆရာအဖြစ် ခန့်အပ်ခြင်း သို့မဟုတ် သင်ကြားစေခြင်းမပြုရဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ်သင်တန်းများကို လာမည့် ဧပြီလကုန်မှ စတင်၍ ပညာရေးတက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များတွင် ဖွင့်လှစ်ရာတွင် သတ်မှတ်အရည်အချင်းအလိုက် မပျက်မကွက် တက်ရောက်ရန်လိုပါကြောင်း၊ စိစစ်ချက်နှင့် ကိုက်ညီသူများကိုသာ ပုဂ္ဂလိက ကျောင်းဆရာမှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ပါကြောင်း၊ ဘွဲ့လက်မှတ်မှန်ကန်မှု၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်မှုများကိုလည်း သက်ဆိုင်ရာတက္ကသိုလ်များက တရားဝင်မှန်ကန်ကြောင်း အတည်ပြုမှသာ သက်ဆိုင်ရာမှတ်ပုံတင်လက်မှတ်များကို ထုတ်ပေးနိုင်ရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံကြီးသားပီသစွာ ကျသင့်သောအခွန်ငွေများ ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ မြန်မာစာ ကောင်းစွာ ဖတ်ရှုနိုင်မှုနှင့် နားလည်မှုစွမ်းရည်ကို စက်တင်ဘာလမှ စတင်ကာ ကျောင်းသားရွေးချယ်၍ စစ်ဆေး သွားမည် ဖြစ်သဖြင့် မြန်မာစာတတ်မြောက်အောင် ကြိုတင်သင်ကြား လေ့ကျင့်ထားကြစေလိုပါကြောင်း မှာကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ပုဂ္ဂလိကပညာရေး ဥပဒေအရ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့က ဖွဲ့စည်းထားသော လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ထို့နောက် STI Myanmar University တည်ထောင်သူ ဒေါ်ခင်အေးဝင်းက သင်ကြား ပို့ချလျက်ရှိသည့် ဘာသာရပ်သင်တန်းများ၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်သင်ကြားမှု အခြေအနေများ၊ ကျောင်း၏လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ Youth International University သို့ရောက်ရှိရာ Youth International University တည်ထောင်သူ ဒေါက်တာဇော်လင်းက Youth International University က သင်ကြားပို့ချလျက်ရှိသည့် ဘာသာရပ်သင်တန်းများ၊ ကျောင်း၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စာကြည့်တိုက်၊ စာသင်ခန်းများ၊ Theatre ခန်းမ၊ အားကစားခန်းမ၊ စားသောက်ခန်းမနှင့် စာမေးပွဲခန်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနသို့ ရောက်ရှိကာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာစာပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် တွေ့ဆုံကာ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ ဘာသာဗေဒလုပ်ငန်းဆောင်ရွက်ထားမှုများကို အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး AI နည်းပညာနှင့် ဘာသာဗေဒလုပ်ငန်းများ မှန်ကန်စွာ ချိတ်ဆက်နိုင်ရေး၊ မြန်မာစာရေးထုံးနှင့်ပတ်သက်၍ စနစ်ကျမှန်ကန်မှုရှိစေရေး၊ မြန်မာစာပေထိန်းသိမ်းခြင်းကို စနစ်တကျဆောင်ရွက်ရေး အလေးထားလုပ်ဆောင်ရန် မှာကြားခဲ့ကြောင်း သိရသည်။
