ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေးသီတင်းပတ်အခမ်းအနားတက်ရောက်

 

နေပြည်တော် ၂၀၂၆ ဇူလိုင် ၃၀

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ရမ်မြို့တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပသော ၂၀၂၆ တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး သီတင်းပတ် ဖွင့်ပွဲအခမ်းအနားတက်ရောက်သည်။

 

ဥာဏ်ရည်မြင့်နည်းပညာ အခြေပြုပညာရေးကို မြှင့်တင်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးသော ဒေသ အသိုက်အဝန်းတည်ထောင်ခြင်း ခေါင်းစဉ်ဖြင့်ကျင်းပသော အဆိုပါအခမ်းအနားသို့ တရုတ်နှင့် အာဆီယံပညာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကွေ့ကျိုးပြည်နယ် ပါတီအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဒုတိယဝန်ကြီးက တရုတ်-အာဆီယံ ဒီဂျစ်တယ်ပညာရေးအသိုက်အဝန်းကို တည်ဆောက်ကာ မျိုးဆက်သစ်လူငယ်များအတွက် ပိုမိုကောင်းမွန်သည့် သင်ယူမှုအခွင့်အလမ်းများဖော်ထုတ်၍ ပညာရေးနှင့် ကျွမ်းကျင်မှု အရည်အသွေးများကို မြှင့်တင်သွားကြမည်ဖြစ်ပါကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

 

ထို့နောက် “တရုတ်-အာဆီယံ Smart Education အရည်အသွေးတည်ဆောက်ရေးအစီအစဉ်” စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ကျင်းပရာ ဒုတိယဝန်ကြီးက ပါဝင်၍ စက်ခလုတ်နှိပ်ကာ ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr. Ren Youqun က ဦးဆောင်လျက် “တရုတ်-အာဆီယံ ပညာရေးဝန်ကြီးများဆွေးနွေးပွဲ”ကို ကျင်းပရာ ဒုတိယဝန်ကြီး တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် “ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုပြောင်းလဲမှုခေတ်တွင် စက်မှုလုပ်ငန်း Industry နှင့် ပညာရေး ပေါင်းစည်းဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ကျင်းပသော ဆွေးနွေးပွဲသို့ တက်ရောက်ကာ ပါဝင်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။