နေပြည်တော် ၂၀၂၆ မေ ၈
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၊ အစည်းအဝေးခန်း၌ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရက်(၁၀၀) စီမံကိန်း အကောင်အထည်ဖော်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု စင်တာထူထောင်ရေး၊ သုတေသနစာတမ်းဖတ်ကြားရေး၊ သုတေသနအခြေပြု သင်ကြားသင်ယူမှု စနစ်မြှင့်တင်ရေး၊ တက္ကသိုလ်ပရဝဏ် သန့်ရှင်းသာယာရေး ကိစ္စရပ်များကို ဆွေးနွေးပြီး ပါမောက္ခများ၏ တင်ပြအကြံပြု ဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် တက္ကသိုလ်များ ပုံနှိပ်တိုက်သို့ရောက်ရှိကာ တက္ကသိုလ် သုတေသနဂျာနယ်များ ပုံနှိပ်၊ ချုပ်လုပ်နေမှု အဆင့်ဆင့်ကိုကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
